Sunday, March 21, 2021

လူသားဆန်မှု ပျောက်ဆုံးခြင်း

ဧပြီလ ၁၅၊ ၁၉၆၄ခုနှစ်မှာ နယူးယောက်တိုင်းမ်သတင်းစာက အောက်ပါ ဖြစ်ရပ်ကို ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ အယ်ဘန်နီမြို့မှာ လူလေးထောင်လောက် ပါဝင်တဲ့ လူအုပ်ကြီးက ဟိုတယ်တစ်ခုရဲ့ ၁၂ ထပ်ကနေ ခုန်ချပြီးကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်နေတဲ့ ဆယ်ကျော်သက်ကောင်လေးကို အောက်ကနေ "ခုန်ချ၊ ခုန်ချ"လို့ ဝိုင်းအော်နေကြပါတယ်။ အဲဒီကောင်လေးက အယ်လ်ဘန်နီဆေးကုသရေးစင်တာမှာ ကုသမှု ခံယူနေရတဲ့ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်ပါတယ်။ သူက ဘယ်လိုကနေ ဘယ်လို ဟိုတယ် ၁၂ထပ်ရဲ့ အစွန်းကလေးကို ရောက်နေတယ် ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့် လူအုပ်က ကြီးသထက် ကြီးလာပြီး သူ့ကို "လာလေ၊  ငကြောက်လား" "ဘယ်လို ဖြစ်တာလဲ၊ သတ္တိမရှိဘူးလား" စတာတွေ လှမ်းအော်ကြတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ အမျိုးသမီးတစ်ဦးက သူ့မိတ်ဆွေကို "သူ မြန်မြန်ခုန်ချပြီး မြန်မြန်ကိစ္စပြီးပါစေဟယ် ... မဟုတ်ရင် ငါတို့တော့ နောက်ဆုံးဘတ်စ်ကား လွတ်တော့မှာပဲ" လို့ လှမ်းပြောပါတယ်။ လူတွေက အဲဒီကောင်လေးခုန်ချမယ် ခုန်မချဘူး ဆိုတာကို အလောင်းအစားတွေ စတင် လုပ်လာကြပါတယ်။ လူတွေ ဘာကြောင့်ဒီလိုတွေ ပြုမူကြတာပါလိမ့်။

အဲဒီလို ဖြစ်ရပ်မျိုးကို "ပင်ကိုစိတ်ပျောက်ဆုံးခြင်း"လို့ နားလည်လွယ်အောင် ပြန်ယူလို့ ရနိုင်လောက်တဲ့ ဒီအင်ဒီဗစ်ဂျူရေးရှင်း (deindividuation) ဖြစ်ရပ်လို့ ခေါ်ပါတယ်။ စိတ်ပညာရှင် လီယွန်ဖက်စ်တင်ဂါးရဲ့ အဆိုအရ လူတွေကို တစ်ယောက်ချင်းအနေနဲ့ မမြင်တဲ့အချိန်၊ အာရုံမထားတဲ့ အချိန်တွေမှာ ပင်ကိုစိတ်ပျောက်ဆုံးခြင်း ဖြစ်ရပ်တွေ ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။ အုပ်စုတစ်စုထဲကို ရောက်နေသူတွေက တစ်ဦးတစ်ယောက်အနေနဲ့ သိသာထင်ရှားမနေတဲ့အခါ မိမိကိုယ်ကိုယ် ထိန်းချုပ်ထားမှုတွေ လျော့ကျလာပြီး ပုံမှန်အားဖြင့် မလုပ်မယ့် အရာတွေကို လုပ်မိလာကြပါတယ်။ အဲဒါရဲ့ အပြုသဘော ဖြစ်ရပ်တွေက ကခုန်၊ သီဆို၊ ဖျော်ဖြေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါရဲ့ အမှောင်ဘက်ခြမ်း ဖြစ်ရပ်တွေကတော့ အုပ်စုဖွဲ့ နှိပ်စက်သတ်ဖြတ်ခြင်း၊ အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ ဆူပူမှုဖြစ်ပွားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း စတဲ့ ပုံမှန်အားဖြင့် ထိန်းချုပ်ထားတဲ့ အရာတွေကို လုပ်မိတာတွေ ဖြစ်တယ်လို့  ၁၉၅၂ခုနှစ်က ဖက်စ်တင်းဂါးနဲ့ အခြား စိတ်ပညာရှင် နှစ်ဦးရေးခဲ့တဲ့ ဆောင်းပါးထဲမှာ ဖော်ပြခဲ့ပါတယ်။

၁၉၇၀မှာ စိတ်ပညာရှင် ဖိလစ်ဇင်ဘာဒိုက သူ့ရဲ့ စာတမ်းထဲမှာ ပင်ကိုစိတ်ပျောက်ဆုံးခြင်းကို ပိုမိုဖြစ်စေတဲ့ အချက်တွေက မိမိက အမည်မသိသူ ဆိုတဲ့ အနေအထားမျိုးမှာ ရှိနေခြင်း၊ တာဝန်ရှိမှုတွေ ပြန့်ထွက်နေပြီး မိမိအပြုအမူကို မိမိတာဝန်ယူစရာ မလိုခြင်း၊ လူအုပ် အရွယ်အစား ကြီးမားခြင်းနဲ့ အုပ်စုလိုက် ဆောင်ရွက်မှု ကြားထဲ ရောက်ရှိခြင်း၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ခံရမှု များပြားခြင်း၊ အချိန်ကို နားလည်မှု ပြောင်းလဲခြင်း (လက်ရှိအနေအထားကိုပဲ အာရုံထားပြီး အတိတ်နဲ့ အနာဂတ်က အလွန်ဝေးကွာနေသလို ရှိခြင်း)၊ အာရုံကို လှုံ့ဆော်ခံရမှု လွန်ကဲများပြားခြင်း၊ လုပ်ဆောင်မှုတွေထဲမှာ မိမိကိုယ်တိုင် ပါဝင်နေခြင်း၊ အရက်၊ မူးယစ်ဆေးစတာတွေကြောင့် သိစိတ်အနေအထားပြောင်းလဲခြင်း စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။   

၁၉၉၈ ခုနှစ်မှာ တစ်ခုချင်းစီ လေ့လာခဲ့တဲ့ ဖြစ်ရပ် ၆၀ကို ပြန်စုစည်းသုံးသပ်မှု ပြုလုပ်တဲ့အခါ လူအုပ်ရဲ့ အရွယ်အစားက ဒီလိုအခြေအနေမျိုးကို ဖြစ်စေတယ် ဆိုတဲ့ အချက်က သိသာထင်ရှားစွာ မှန်ကန်နေကြောင်း တွေ့ရှိပါတယ်။ တွေ့ရှိချက်တွေအရ အဲဒီလို ဖြစ်ခြင်းမှာ မိန်းမနဲ့ ယောက်ျား ကွာဟမှု မရှိပါဘူးတဲ့။ ၁၈၈၉နဲ့ ၁၉၄၆ကြားက အာဖရိကန်အမေရိကန်တွေကို လူအုပ်နဲ့ နှိပ်စက်သတ်ဖြတ်တဲ့ ဖြစ်ရပ် ၆၀ကို ပြန်ကြည့်တဲ့အခါ လူအုပ်ပိုကြီးလေ ပိုမိုပြင်းထန်စွာ နှိပ်စက်လေဆိုတာကို တွေ့ကြရပါတယ်။

ဥပမာ ပြောရမယ် ဆိုရင် မေ ၁၅၊ ၁၉၁၆မှာ ၁၇နှစ်သာ ရှိသေးတဲ့ ဂျက်ဆီဝါရှင်တန်ကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဝါကိုမြို့မှာ လူတစ်သောင်းကျော် ပါဝင်တဲ့ လူအုပ်ကြီးက ဝိုင်းဝန်းညှဉ်းပမ်းသတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီလူအုပ်ထဲမှာ မြို့တော်ဝန်၊ ရဲမှူးချုပ်နဲ့ ကလေးတွေလဲ ပါရှိကြပါတယ်။ လူအုပ်ကြီးက ဂျက်ဆီဝါရှင်တန်ကို သင်းကွပ်တယ်၊ လက်ချောင်း ခြေချောင်းတွေ ဖြတ်တယ်၊ မီးပုံအပေါ်မှာ ကြိုးနဲ့ချည်ထားပြီး မီးပုံနဲ့ နီးအောင် ချလိုက်၊ တင်လိုက် ၂နာရီကျော် ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီဖြစ်ရပ်က "ဝါကိုရဲ့ ထိတ်လန့်စရာ အဖြစ်အပျက်"လို့ နာမည်ကြီးခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ စမ်းသပ်ခန်းထဲက လေ့လာမှုတွေအရ မိမိက အမည်မသိသူ ဆိုတဲ့ အနေအထားတစ်ခုတည်းနဲ့တင် ပင်ကိုစိတ်ပျောက်ဖို့ လုံလောက်နိုင်တယ်လို့ တွေ့ခဲ့ပါတယ်။ စမ်းသပ်မှုမှာ မီးအနည်းငယ် မှောင်နေတဲ့ နေရာက လူတွေက မီးအလင်းရောင်ကောင်းကောင်းနဲ့ နေရာက လူတွေထက် ပိုပြီး ခိုးချကြတယ်၊ နေကာမျက်မှန်တပ်ထားသူတွေက ရိုးရိုးမျက်မှန်တပ်ထားတဲ့ သူတွေထက် ပိုပြီး တစ်ကိုယ်ကောင်းဆန်စွာ ပြုမူကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သူတို့ စိတ်ထဲမှာ မိမိလုပ်တာတွေကို လူမသိနိုင်တဲ့ အနေအထား ပိုမိုမြင့်မားလာတယ်လို့ ထင်ကြတဲ့အချိန်တွေမှာ အဲဒီလိုတွေ ပြုမူခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်ကိုစိတ်ပျောက်ဆုံးခြင်းနဲ့ သက်ဆိုင်တဲ့ စမ်းသပ်ချက်တွေထဲက အထင်ကရ စမ်းသပ်ချက်တစ်ခုက ၁၉၇၁ခုနှစ် သြဂုတ်လမှာ စိတ်ပညာရှင်ဖိလစ်ဇင်ဘာဒို ပြုလုပ်ခဲ့တဲ့ စတန်းဖို့ဒ်ထောင် စမ်းသပ်ချက် ဖြစ်ပါတယ်။ စတင်ပြုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်က အကျဉ်းထောင်က အကျဉ်းထောင်အစောင့်တွေနဲ့ အကျဉ်းသားတွေရဲ့ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာတွေ အပေါ် ဘယ်လိုတွေ သက်ရောက်သလဲ ဆိုတာကို လေ့လာဖို့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ စတန်းဖို့ဒ် တက္ကသိုလ်၊ စိတ်ပညာဋ္ဌာနက မြေအောက်ခန်းကို စမ်းသပ်မှု ပြုလုပ်မယ့် ထောင်အတုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲက ကောလိပ်ကျောင်းသားတွေကို စမ်းသပ်ရာမှာ ပါဝင်ဖို့ ကြော်ငြာဖိတ်ခေါ်ပြီး လျှောက်ထားသူ ၇၀ကျော်ကို စိတ်ပိုင်းဆိုင်ရာ မေးခွန်းလွှာတွေ၊ အင်တာဗျူးတွေနဲ့ စိစစ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ မရှိသူ၊ ကျန်းမာရေး ပြဿနာ မရှိသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း မရှိသူတွေထဲက ကျောင်းသား၂၄ ဦးကို ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံရသူတွေထဲမှာ ဘယ်သူတွေက ထောင်သား၊ ဘယ်သူတွေက ထောင်အစောင့်အဖြစ် သရုပ်ဆောင်ရမလဲ ဆိုတာကို ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ အခန်းတွေကို တကယ့်ထောင်ခန်းတွေနဲ့ တူနိုင်သမျှ တူအောင် ဖန်တီးထားပြီး၊ ထောင်သားဝတ်စုံ၊ ထောင်ဝန်ထမ်းဝတ်စုံတွေနဲ့ ပစ္စည်းကိရိယာတွေကို အစစ်အမှန်နဲ့ အနီးစပ်ဆုံးတူအောင် ထားရှိအသုံးပြုခဲ့ပါတယ်။ ပြင်ဆင်ဖို့အတွက် ကိုယ်တိုင် နှစ်ပေါင်းများစွာ ထောင်ကျခဲ့ဖူးသူ အပါအဝင် ထောင်နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ပြီး အကြံဉာဏ်တွေ တောင်းခံခဲ့ပါတယ်။ စမ်းသပ်မှုတွေကို စောင့်ကြည့်ဖို့ လျှို့ဝှက်ကင်မရာတစ်ခု တပ်ဆင်ထားခဲ့ပါတယ်။ ထောင်အမည်ကို စတင်ဖို့ဒ်ကောင်တီထောင်လို့ နာမည်ပေးပြီး အကျဉ်းသားအတုတွေကိုလဲ နာမည်အစား နံပါတ်တွေကို အသုံးပြု ခေါ်ဝေါ်ခဲ့ပါတယ်။ ကျောင်းသားတစ်ဦးက ထောင်ကြီးကြပ်သူ အဖြစ်သရုပ်ဆောင်ပြီး ဒေါက်တာဇင်ဘာဒိုကိုယ်တိုင်က ထောင်မှူးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ စမ်းသပ်မှု မစခင် တစ်ရက်အလိုမှာ ဒေါက်တာဇင်ဘာဒိုက ထောင်စောင့်လုပ်မယ့် သူတွေကို တွေ့ဆုံပြီး အကျဉ်းသားတွေကို ရိုက်နှက်ခွင့် မရှိကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပျင်းရိငြီးငွေ့အောင်၊ စိတ်ပျက်လက်ပျက် ဖြစ်တဲ့အနေအထားမျိုး၊ ခံပြင်းတဲ့အနေအထားမျိုး ဖြစ်အောင် လုပ်လို့ ရတယ်လို့ ရှင်းပြခဲ့ပါတယ်။ အကျဉ်းသားအဖြစ် သရုပ်ဆောင်ရမယ့် သူတွေကို ရဲတွေရဲ့ အကူအညီနဲ့ အမှန်တကယ် အဖမ်းခံရတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးပါတယ်။ ပြီးတော့ လက်ထိတ်ခတ်၊ မျက်စိတွေကို အဝတ်စည်းပြီး ကျောင်းရဲ့ ထောင်တုထဲကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပတ်တာ စမ်းသပ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ စမ်းသပ်မှုက ခြောက်ရက်အကြာမှာပဲ ရပ်တန့်ခဲ့ရပါတယ်။

အစောင့်တုတွေက အကျဉ်းသားတုတွေ မိမိကိုယ်ပိုင်နံပါတ်နဲ့ ရင်းနှီးအောင် နံပါတ်အော်ခိုင်းပြီး လူစစ်တဲ့ အလုပ်ကို နေ့စဉ် အကြိမ်ပေါင်းများစွာ လုပ်ကြပါတယ်။ ပထမရက်မှာ အကျဉ်းသားအဖြစ် သရုပ်ဆောင်ရသူတွေက အလေးအနက် မထားကြပါဘူး။ အစောင့်တုတွေ ဘာပြောပြော သူတို့ရဲ့ လွတ်လပ်မှုတွေကို ဆက်လက်ဆုတ်ကိုင်ထားကြပါတယ်။ ဒုတိယရက်မှာ အစောင့်အဖြစ် သရုပ်ဆောင်သူတွေ မျှော်လင့်မထားခဲ့တဲ့ တော်လှန်ပုန်ကန်မှုတွေ စတင်ခဲ့ပါတယ်။ မနက်၁၀နာရီ လူစစ်တဲ့ အချိန်မှာ အခန်း(၁)က အကျဉ်းသားတုတွေက သူတို့ရဲ့ နံပါတ်တွေကို ဖြုတ်ပစ်ပြီး၊ အိပ်ရာတွေနဲ့ တံခါးကို ပိတ်ကာထားတာ တွေ့ရပါတယ်။ သူတို့က အစောင့်တုတွေကို လှောင်ပြောင်သရော်ကြပါတယ်။ အဲဒီအပြုအမူက အစောင့်တုတွေကို အရှက်ရ၊ စိတ်ထိခိုက်စေခဲ့ပါတယ်။ မနက်ပိုင်း တာဝန်ကျတဲ့ အစောင့်တုတွေက အခြားအစောင့်တုတွေကို လှမ်းခေါ်ပါတယ်။ ပြီးတော့ အကျဉ်းသားတုတွေကို ပညာပေးတဲ့ အနေနဲ့ အိပ်ရာတွေကိုဖယ်၊ သူတို့ အဝတ်အစားတွေ အကုန်ချွတ်ပြီး ပိတ်လှောင်ထားလိုက်ပါတယ်။ ပုန်ကန်မှုရဲ့ခေါင်းဆောင်ဖြစ်သူ ၈၆၁၂က အဲဒီလို အပြစ်ပေးခြင်းကို ကျယ်လောင်စွာ အော်ဟစ်ဆန္ဒပြခဲ့ပါတယ်။ တစ်ချိန်မှ အစောင့်က သုံးယောက်ပဲ ရှိတာမို့ လူ ၉ယောက်ကို ထိန်းရတာ မလွယ်ဘူးလို့ စဉ်းစားကြရင်း အစောင့်တုတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ချုပ်ကိုင်ဖို့ နည်းလမ်းရှာခဲ့ကြပါတယ်။ အဲဒါက အထူးတန်းအကျဉ်းခန်းတစ်ခု ဖန်တီး၊ ပြောလို့ ဆိုလိုရတဲ့  အကျဉ်းသားတွေကို အဲဒီမှာ ထားပေးပြီး အခြားသူတွေကို မပေးတဲ့ အထူးအခွင့်အရေးတွေ ပေးတဲ့ နည်းလမ်းပါ။ သို့ပေမယ့် အထူးအခွင့်အရေးရတဲ့ အကျဉ်းသားတုက အခြားသူတွေနဲ့ တစ်သားတည်း ဖြစ်ဖို့ သူ့ကို အထူးကျွေးမွေးတဲ့ အစားအသောက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အကျဉ်းသားတုတွေဘက်က နိုင်သလိုလို အနေအထားမှာ ရှိပါတယ်။

အဲဒီအခါမှာ အစောင့်တုတွေက သူတို့ရဲ့ အာဏာနဲ့ ထိန်းချုပ်နိုင်စွမ်းကို စတင်ပြလာကြပါတယ်။ အကျဉ်းသားတုတွေကို ဒိုက်ထိုးခိုင်းတာ၊ အိပ်ထမတင် လုပ်ခိုင်းတာတွေ၊ အဆက်မပြတ် ခုန်ခိုင်းတာတွေကို လုပ်လာပါတယ်။ အရာရာတိုင်းက အစောင့်တုတွေရဲ့ သဘောအပေါ်မှာပဲ မူတည်တဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ ဘာအမှားမှ မလုပ်ဘဲ အပြစ်ပေးခံရတာမျိုးတွေလဲ ရှိလာပါတယ်။ အိမ်သာသွားခွင့်ရခြင်းကတောင် အခွင့်အရေးတစ်ရပ်လို ဖြစ်လာပါတယ်။ ခွင့်မပြုရင် အခန်းထဲက ပုံးမှာပဲ ဆီးရော ဝမ်းပါ သွားရပြီး ပေးမသွန်တဲ့အတွက် တစ်နေကုန် နံစော်ပြီး နေကြရပါတယ်။ အဲဒီအချိန်မှာ ပုန်ကန်မှုရဲ့ခေါင်းဆောင်ဖြစ်သူ ၈၆၁၂က သူ အဲဒီထက်ပို သည်းမခံနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ အဲဒီကနေ ထွက်ချင်တဲ့ အတွက် ခေါင်းကိုက်တယ်၊ ဗိုက်နာတယ် စသဖြင့် စပြီး ပြောလာပါတယ်။ သူ့ကို ထောင်ကြပ်တုက မေးမြန်းစစ်ဆေးပေမယ့် စာနာမှု မရခဲ့ပါဘူး။ သူက အကျဉ်းခန်းတုဘက်ကို ပြန်လာတော့ အခြားအကျဉ်းသားတုတွေကို ဘယ်သူမှ ဒီကနေ ထွက်သွားလို့ မရဘူးလို့ ပြန်ပြောပြပါတယ်။ အဲဒီသတင်းက အခြားအကျဉ်းသားတုတွေ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ တကယ်ကို အကျဉ်းသားတွေ ဖြစ်သွားကြပြီလို့ ခံစားခဲ့ကြရပါတယ်။ နောက်ထပ် ပုန်ကန်မှုတွေ မရှိတော့ပါဘူး။ ၈၆၁၂က သူ တခြားနည်းလမ်းနဲ့ ဒီက ထွက်လို့ ရမှာ မဟုတ်ဘူးလို့ တွေးပြီး ရူးသွပ်တဲ့ ပုံစံ၊ အပြုအမူတွေ လုပ်လာတဲ့အတွက် စမ်းသပ်မှု စပြီး ၃၆နာရီ မပြည့်ခင်မှာဘဲ သူ့ကို စမ်းသပ်မှုကနေ ထွက်ဖို့ ခွင့်ပြုလိုက်ရပါတယ်။

တတိယနေ့က မိဘတွေ လာတွေ့ခွင့် ရတဲ့ နေ့ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို တွေ့ရင် မိဘတွေက အကျဉ်းသားတုတွေကို ပြန်ခေါ်သွားမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခန်းတွေကို သန့်ရှင်းရေးလုပ်ထားတာ၊ အကျဉ်းသားတုတွေ မိဘတွေနဲ့ မတွေ့ခင်မှာ ပူနွေးတဲ့ အစားအသောက်တွေ ကျွေးတာ၊ အချိုပွဲတွေ ကျွေးတာ စတာတွေ ပြုလုပ်ပြီး၊ စကားကြာကြာပြောခွင့်မရအောင် ဧည့်တွေ့ချိန်ကို လျှော့လိုက်ပါတယ်။ မိဘတွေ လာချိန်မှာ ကောင်းမွန်စွာ ကြိုဆိုပြီး စာရင်းသွင်းခိုင်းတာ၊ နောက်ခံသီချင်းဖွင့်ထားတာ စတာတွေကို လုပ်ခဲ့ပြီး နာရီဝက်လောက် ထိုင်စောင့်ခိုင်းထားပါတယ်။ မိဘတွေနဲ့ အကျဉ်းသားတုတွေ တွေ့ဆုံစကားပြောချိန်မှာ အစောင့်တုတွေက တောက်လျှောက်ထိုင်နားထောင်နေခဲ့ပြီး စကားပြောချိန်ကို ၁၀မိနစ်ပဲ ပေးခဲ့ပါတယ်။ မိဘတွေ ပြန်သွားတဲ့အချိန်မှာ နှိပ်စက်အနိုင်ကျင့်မှုတွေကို ပြန်လည် စတင်ပါတယ်။ ဒိုက်ထိုးခိုင်းတဲ့ အကြိမ်အရေအတွက်နဲ့ ပြင်းထန်မှုက ပိုမိုမြင့်မားလာပါတယ်။ ခိုင်းစေမှုကလဲ နာရီပေါင်းများစွာအထိ ကြာလာပါတယ်။ အိမ်သာကို လက်ဗလာနဲ့ ဆေးခိုင်းတာ၊ အစောင့်တုတွေရဲ့ ဖိနပ်တွေကို တိုက်ခိုင်းတာမျိုးတွေလဲ လုပ်လာပါတယ်။ အဲဒီအချိန်မှာ အကျဉ်းသားတု နံပါတ်၈၁၉က တစခန်းထလာပါတယ်။ ၆နာရီ လူစစ်ချိန်မှာ မပါဝင်ဘဲ လေ့ကျင့်ခန်း လုပ်ဖို့ ငြင်းဆန်ပါတယ်။ အခန်းထဲမှာ ပိတ်ပြီး သူ့ကိုယ်သူ ကာကွယ်ထားပါတယ်။ ဒါပေမယ့် အစောင့်တုတွေက လူအင်အားသုံး၊ ဆွဲထုတ်ပြီး သူ့ကို အလွန်ကျဉ်းတဲ့ အခန်းကလေးထဲ ထည့်ပိတ်ထားလိုက်ကြပါတယ်။

အဲဒီနောက်မှာ တကယ့်အကျဉ်းထောင်တွေကို သွားနေတဲ့ ဘုန်းတော်ကြီးက သူတို့ အကျဉ်းထောင် ပုံစံက အစစ်နဲ့ ဘယ်လောက်တူသလဲ ဆိုတာ ကြည့်ရှုစစ်ဆေးပေးဖို့ ရောက်လာခဲ့ပါတယ်။ ၈၁၉ ကလွဲလို့ အကျဉ်းသားတုအားလုံး ဘုန်းတော်ကြီးကို လာစကားပြောကြပါတယ်။ အံ့သြစရာကောင်းတာက တစ်ဝက်လောက်က ကိုယ့်ကိုယ်ကိုယ် နာမည်နဲ့ မိတ်မဆက်ကြဘဲ နံပါတ်တွေနဲ့ မိတ်ဆက်ခဲ့ကြပါတယ်။ ဘာကြောင့် ထောင်ကျရသလဲလို့ မေးတဲ့အခါ သူတို့ကို ဖမ်းဆီးစဉ်က ရဲတွေ ပြောခဲ့တဲ့ ပုဒ်မတွေကို ပြန်ပြောကြပါတယ်။ နောက်ဆုံးမှာ ၈၁၉က ဘုန်းတော်ကြီးကို စကားလာပြောပြီး ငိုပါတယ်။ အကျဉ်းသားတုတွေနဲ့ တွေ့ဆုံပြီးစဉ်မှာ ဘုန်းတော်ကြီးက အဲဒီမှာ ဖြစ်နေတာတွေက တကယ့် ထောင်အစစ်မှာ ဖြစ်နေတာနဲ့ အလွန်တူကြောင်း ဒေါက်တာဇင်ဘာဒိုကို ပြောပြပါတယ်။ သူတို့ စကားပြောနေစဉ်မှာ အစောင့်တုတွေက မနက်၁၁နာရီ လူစစ်ခြင်းကို လုပ်နေပါတယ်။ အစောင့်တုတွေက အခြားအကျဉ်းသားတုတွေ အားလုံးကို အကျဉ်းသား ၈၁၉က မကောင်းတာတွေ လုပ်ခဲ့တယ်လို့ အဆက်မပြတ်အော်ခိုင်းပါတယ်။ ဒေါက်တာဇင်ဘာဒိုက အဲဒီအသံတွေကို ကြားတာနဲ့ ၈၁၉ကို အပြေးသွားကြည့်တော့ ၈၁၉က ထိန်းမနိုင်သိမ်းမရ ငိုနေတာကို တေ့ွရပါတယ်။ သူက ငါက မကောင်းတဲ့ အကျဉ်းသား၊ ငါ့ကြောင့် တခြားသူတွေ အပြစ်ပေးခံနေရတယ်လို့ ပြောပါတယ်။ ပထမရက်တွေမှာလို မဟုတ်ဘဲ ကျန်တဲ့ အကျဉ်းသားတွေ အားလုံးက လေသံတစ်ခုတည်း ဖြစ်အောင် ပြောင်းလဲသွားကြပါတယ်။ ၈၁၉ကို ပြန်ချင်ရင် ပြန်လို့ ဒေါက်တာ ဇင်ဘာဒိုက ပြောပေမယ့် သူက ဆက်နေမယ်၊ အခြားအကျဉ်းသားတွေက သူ့ကို လူဆိုးလို့ ထင်နေတဲ့ အချိန်မှာ သူ ထွက်မသွားနိုင်ဘူးလို့ ဆိုပါတယ်။ ဒေါက်တာဇင်ဘာဒိုက ဒါဟာ စမ်းသပ်မှုတစ်ခုသာ ဖြစ်ပြီး တကယ့်အကျဉ်းထောင်အစစ် မဟုတ်ကြောင်း၊ သူကလဲ ကောလိပ်ကျောင်းသားသာ ဖြစ်ပြီး အကျဉ်းသား အစစ် မဟုတ်ကြောင်း သတိပေးတော့မှ ၈၁၉က ဒီစမ်းသပ်မှုကနေ ထွက်မယ်လို့ ဆုံးဖြတ်ပါတယ်။ သူ့ကို အစားထိုးဖို့ စမ်းသပ်မှုမှာ ပါဝင်မယ့် သူ အသစ်တစ်ယောက်ကို ထပ်ထည့်ခဲ့ပါတယ်။ သူ့နံပါတ်က ၄၁၆ပါ။ သူက အစာမစားခြင်းအားဖြင့် စတင် ပုန်ကန်ပါတယ်။ အခြားအကျဉ်းသားတုတွေက အတော်လေး သွေးကွဲနေခဲ့ကြပါပြီ။ သူ့နောက်ကို လိုက်မယ့်အစား သူ့ကို ပြဿနာကောင်လို့ ယူဆနေကြပါတယ်။ အစောင့်တုတွေက သွေးကွဲမှုကို အသုံးချပြီး နှိပ်စက်နည်းအသစ်တွေနဲ့ နှိပ်စက်ပါတယ်။ အခြားသူတွေ ဒိုက်ထိုးချိန်မှာ ၄၁၆ကို သီချင်းဆိုခိုင်းထားတာမျိုးပါ။

အဲဒီအချိန်မှာ အကျဉ်းသားတုတွေက ပုံစံ သုံးမျိုးကွဲသွားပါတယ်။ အဲဒီနေရာက ထွက်ဖို့ ကြိုးစားသူ၊ ပုန်ကန်သူနဲ့ စံပြအကျဉ်းသားဖြစ်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ အများစုက စံပြအကျဉ်းသား ဖြစ်ဖို့ ကြိုးစားနေကြသူတွေပါ။ အစောင့်တုတွေကိုလဲ ပုံစံသုံးမျိုးတွေ့ရပါတယ်။ ကိုယ်ချင်းစာသူ၊ မျှတသူနဲ့၊ ရက်စက်သူတွေ ဖြစ်ကြပါတယ်။ အစောင့်တုတွေက အကျဉ်းထောင်တုကို ထိန်းချုပ်နိုင်ခဲ့ပါပြီ်။ ၄၁၆ ကလွဲလို့ ကျန်သူတွေ အားလုံး သူတို့ပြောသမျှ လိုက်နာအောင် ထိန်းချုပ်နိုင်ပါတယ်။ သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ဖို့အတွက် အစောင့်တွေက အကျဉ်းသားတွေကို အိမ်ကို စာရေးခိုင်းပါတယ်။ လာတွေ့ဖို့ မလိုကြောင်း၊ သူတို့အားလုံး အဆင်ပြေကြောင်းတွေကို ပါးစပ်က ခေါ်ပေးတဲ့အတိုင်း လိုက်ရေးစေခဲ့တာ နာခံကြပါတယ်။ ညနေမှာ ၄၁၆က နေ့လယ်က ကျန်တဲ့ ဝက်အူချောင်းကို စားဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူ့ကို အခန်းကျဉ်းထဲ ထည့်ပိတ်ထားပြီး သူ အဲဒီဝက်အူချောင်းကို မစားရင် ကျန်တဲ့သူတွေ အားလုံးကို ဧည့်တွေ့ခွင့်မပေးဘူးလို့ ခြိမ်းခြောက်ပါတယ်။ အကျဉ်းသားတုတွေရဲ့ ဒေါသတွေ အားလုံးက ၄၁၆ အပေါ်မှာ စုပြုံကျလာအောင် တမင်လုပ်ခြင်းဖြစ်ပါတယ်။

အဲဒီနောက်မှာ အရက်စက်ဆုံးအစောင့်တုက လူစစ်ပါတယ်။ သူက အကျဉ်းသားတုတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အရှက်ခွဲခြင်း၊ လိင်တူဆက်ဆံမယ်လို့ ခြိမ်းခြောက်ခြင်း၊ ပုံစံမျိုးစုံနဲ့ လမ်းလျှောက်ခိုင်းခြင်း စတာတွေကို ပြုလုပ်ပါတယ်။ အားလုံးထဲမှာ အမိန့်အနာခံဆုံးဖြစ်တဲ့ ၂၀၃၉တောင်မှ မတရားခိုင်းစေနှိပ်စက်ခြင်းတွေကို ခံရပါတယ်။ ဘယ်အကျဉ်းသားတုကမှ အဲဒီလို ပြုမူဆက်ဆံခံရခြင်းတွေကို ငြင်းပယ်ခြင်း မပြုခဲ့ကြပါဘူး။ လူစစ်ပြီးချိန်မှာ ၄၁၆ကို အခန်းကျဉ်းထဲ ပြန်ပိတ်ထားလိုက်ပါတယ်။ သူ စားဖို့ ငြင်းဆန်ခဲ့တဲ့ ဝက်အူချောင်းကလဲ ကြမ်းပေါ်ကျရာက အတော်ပေရေနေခဲ့ပါပြီ။ အဲဒီမှာ လူစစ်တဲ့ အစောင့်တုက အခြားအကျဉ်းသားတုတွေကို သူတို့ရဲ့ ခြုံစောင်တွေကို ပေးမယ် ဆိုရင် ၄၁၆ကို အကျဉ်းခန်းကလေးထဲကနေ လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဘယ်သူကမှ မပေးကြပါဘူး။ အဲဒီလို အနေအထားကို ဒေါက်တာဇင်ဘာဒိုက ဘွဲ့လွန်ကျောင်းသူတစ်ဦးနဲ့ အတူ သူ့အခန်းထဲက တီဗွီနဲ့ ကြည့်နေခဲ့ပါတယ်။ သူနဲ့အတူ ကြည့်နေတဲ့ ကျောင်းသူက ဒေါက်တာဇင်ဘာဒိုကို စမ်းသပ်မှုရဲ့ ရလဒ်တွေက အတော်လေး ဆိုးဝါးနေပြီ၊ စမ်းသပ်မှုကို ရပ်သင့်ပြီလို့ ပြောခဲ့ပါတယ်။ အဲဒီတော့မှ ဒေါက်တာဇင်ဘာဒို အသိစိတ်ဝင်လာပြီး စမ်းသပ်မှုတွေကို ရပ်ပစ်ခဲ့ပါတယ်။

အဲဒီစမ်းသပ်မှုမှာ တွေ့ရတာတွေက အပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေနဲ့လဲ အတော်လေး တူညီနေပါတယ်။ ဥပမာ အမေရိကန်တွေ အီရတ်ကို ဝင်တိုက်စဉ်ကာလမှာ၊ အီရတ်က အာဗူဂရေးအကျဉ်းထောင် အစောင့်တွေက သူတို့လုပ်တာတွေကို လူမသိဘူးလို့ ထင်တဲ့ကာလတွေမှာ အကျဉ်းသားတွေကို အလားတူ နည်းတွေနဲ့ အနိုင်ကျင့်၊ မတရားပြုမူတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။  အဲဒီလို ဖြစ်ရပ်တွေ ထပ်မံ မဖြစ်ပွားဖို့ ရည်ရွယ်ပြီး စတန်းဖို့ဒ်ထောင်စမ်းသပ်မှုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ Quiet Rage ရုပ်ရှင်ကို အီရတ်သွားနေတဲ့ အမေရိကန်စစ်တပ်က ခေါင်းဆောင်ပိုင်းတွေကို ကြည့်စေခဲ့ပါတယ်။

ဒေါက်တာဇင်ဘာဒိုက တွေ့ရှိချက်တွေ အပေါ်မှာ မူတည်ပြီး "လူကောင်းတွေကို မက်လုံးပေးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ ဇာတ်သွင်းခြင်းတွေနဲ့ မကောင်းဆိုးဝါးတစ်ကောင်လို ပြုမူအောင် ဆောင်ရွက်လို့ ရပါတယ်။ စတန်းဖို့ဒ်ထောင်စမ်းသပ်မှုကနေ ရလိုက်တဲ့ ရိုးစင်းတဲ့ အဓိက သင်ခန်းစာက အခြေအနေတွေက အရေးကြီးတယ် ဆိုတာပါပဲ။ လူမှုရေးဆိုင်ရာ အခြေအနေတွေက လူတစ်ဦးတစ်ယောက်ချင်းတွေ၊ အုပ်စုတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပေါ်မှာ ကျွန်တော်တို့ ထင်ထားတာတွေထက် ပိုမိုအားကောင်းနက်ရှိုင်းစွာ သက်ရောက်နိုင်စွမ်း ရှိပါတယ်။" လို့ပြောခဲ့ပါတယ်။

 Wesleyan တက္ကသိုလ်က လူမှုရေးစိတ်ပညာသင်ကြားပို့ချသူ ပရော်ဖက်ဆာစကော့ပလောက်စ်က "လူမှုရေးစိတ်ပညာရဲ့ စိတ်မသက်သာစရာ အမှန်တရားက "အခြေအနေ"ဆိုတဲ့အချက်က လူတွေရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေကို ပယ်ဖျက်ပြီး လူကောင်းတွေကို မကောင်းတာတွေ လုပ်စေနိုင်တယ်"လို့ ဆိုခဲ့ပါတယ်။

လူကောင်းတွေကနေ မကောင်းဆိုးဝါးတွေ ဖြစ်သွားခြင်းကို ဒေါက်တာဇင်ဘာဒိုက လူစီဖာအဖက် (Lucifer effect) လို့ ခေါ်ပါတယ်။ ကောင်းမွန်တဲ့ နတ်တစ်ပါးကနေ စေတန်ဖြစ်သွားခဲ့တဲ့ လူစီဖာနတ်သားကို အစွဲပြုပြီး ခေါ်ခြင်းဖြစ်ပါတယ်။ ဒေါက်တာဇင်ဘာဒိုက အဲဒီတွေ့ရှိချက်တွေကို လူအများ သိနားလည်အောင် ပြုလုပ်ခြင်းကို "အမှောင်တွေကို မြင်သာအောင် ဆောင်ရွက်တဲ့ ကျွန်တော့်ရဲ့ ခရီးလမ်း"လို့ တင်စားထားပြီး အဲဒီခရီးလမ်းကို သူနဲ့ အတူ ပါဝင်လျှောက်လှမ်းကြဖို့ သူ့ရဲ့ လူစီဖာအဖက် အင်တာနက်စာမျက်နှာမှာ ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။



(ညွှန်း - www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာသင်ကြားပို့ချချက်၊
www.lucifereffect.com)

No comments:

Post a Comment