Showing posts with label published writing. Show all posts
Showing posts with label published writing. Show all posts

Tuesday, November 28, 2023

အချစ်သင့်ဆုံးသူ

ဒီရက်တွေမှာ Self-Love နဲ့ Self-Compassion အကြောင်း ဆက်တိုက် တွေးနေမိရာက တစ်ချိန်က ရေးခဲ့ဖူးတဲ့ ဒီဆောင်းပါးလေးကို သတိရသွားလို့ ပြန်တင်တာပါ။

ကိုယ်ရေးခဲ့တာလေးတွေ ကိုယ် ပြန်ဖတ်နိုင်ဖို့ ပြန်စုစည်းတဲ့ သဘောပါပဲ။ 

***

ဒီနှစ် ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ အကြောင်း မရေးတော့ဘူးလို့ စိတ်ကူးထားပေမယ့် အချိန် နီးကပ်လာတာနဲ့ အမျှ အဲဒီနေ့ရဲ့ တွန်းအားဒဏ်ကို ခံစားလာရပါတယ်။ ဒါကြောင့် မတွေးဘဲ မနေနိုင်ရာက ရေးမိတယ် ဆိုပါတော့။ 

အင်္ဂလိပ်သီချင်း နားထောင်တတ်သူတွေ ဆိုရင် တေလာဆွစ်ဖ်ရဲ့ ၁၅နှစ် (Fifteen)ဆိုတဲ့ သီချင်းကလေးကို သတိထားမိဖူးမယ် ထင်ပါတယ်။ သီချင်းထဲမှာ ပါတဲ့ စာသား တစ်ခုက “အသက် ၁၅နှစ် အရွယ်မှာ နင့်ကို တစ်ယောက်ယောက်က ချစ်တယ်လို့ လာပြောရင် နင် ယုံမိမှာပဲ မဟုတ်လား”တဲ့။ တကယ်တော့ ၁၅နှစ် အရွယ်မှာတင် မဟုတ်ဘဲ အသက် ၅၀အရွယ်မှာလဲ မှားနိုင်ကြပါတယ်။ သို့ပေမယ့် ငယ်ရွယ်စဉ် မှားနိုင်တဲ့ အကြောင်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိစ္စရပ်တွေကို နားမလည်သေးတာ၊ ကိုယ် ဘာလိုချင်တယ် ဆိုတာ ကိုယ့်ဖာသာကိုယ် ကောင်းကောင်း မသိသေးတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးတဲ့အတွက် အခြားသူတွေရဲ့ လွှမ်းမိုးမှုတွေကို ခံစားရတာ စတာတွေ ပါဝင်ပါတယ်။ 

ကျွန်မတို့ ဆယ်ကျော်သက် အရွယ်မှာ ဖြတ်သန်းခဲ့ရတဲ့ စိန်ခေါ်မှုတွေက လက်ရှိ ဆယ်ကျော်သက်အရွယ် လူငယ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အတော်လေး ကွဲပြားမယ်လို့ ယူဆရပါတယ်။ တူညီမယ်လို့ ယူဆရတဲ့ အရာက ဘ၀ အတွေ့အကြုံ နည်းပါးတဲ့အတွက် ရှေ့ကို များများစားစား ကြိုမမြင်နိုင်တာ၊ မိမိမှာ ရွေးချယ်စရာတွေ ရှိတယ်၊ ရွေးချယ်ခွင့်တွေ ရှိတယ်လို့ သိမထားတာတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ 

အချို့သော ဝတ္ထု၊ ကဗျာ၊ ရုပ်ရှင်၊ ဗွီဒီယိုဇာတ်လမ်း စတဲ့ အရာတွေမှာ ပါဝင်တဲ့ အချစ်နဲ့ ပတ်သက်တဲ့ ညွှန်းဆိုမှုတွေ၊ လိင်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ ညွှန်းဆိုမှုတွေက ကြော်ငြာတွေနဲ့ တူတယ်လို့ အခုအချိန်မှာ မြင်မိပါတယ်။ ခေါက်ဆွဲခြောက်ထုတ် ကြော်ငြာတွေထဲမှာ စားချင်စရာ ကြက်ပေါင်တွေ၊ အသီးအရွက်လှလှတွေ ပါပေမယ့် အပြင်မှာ ခေါက်ဆွဲခြောက်ထုတ် ဝယ်စားရင် အဲဒီလို မဟုတ်ဘူး ဆိုတာ သတိထားမိမှာပါ။ လူတွေ ဖတ်ချင်၊ ကြည့်ချင်အောင် ဖန်တီးထားတဲ့ ဇာတ်လမ်းတွေမို့ အပြင်မှာ ရှိရင်တောင် ရှားနိုင်တဲ့ အရာမျိုးတွေ ဖြစ်နေတတ်တာလို့ ယူဆမိပါတယ်။ 

လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးလို့ ဆိုကြပေမယ့် အမြဲတမ်းတော့ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် မချစ်မိကြပါဘူး။ အမေရိကန်နိုင်ငံက စာရေးဆရာ၊ တီဗွီဇာတ်လမ်းရေးသူ၊ အချစ်ရေး အိမ်ထောင်ရေး ကျွမ်းကျင်သူ ဖြစ်တဲ့ ထရေစီမက်မီလန်ပြောပြတဲ့ အကြောင်းအရာကလေးကို ဆီလျော်အောင် ပြန်ပြောပြချင်ပါတယ်။ သူမရဲ့ အမေက အရက်စွဲနေတဲ့ ပြည့်တန်ဆာတစ်ဦး ဖြစ်ပြီး အဖေက ထောင် ခဏခဏ ကျတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ ပြည့်တန်ဆာခေါင်းတစ်ဦးပါ။ သူမက အသက်သုံးလအရွယ်ကတည်းက မွေးစားဂေဟာကို ပို့ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ အသက်၉နှစ်လောက်မှာ မွေးစားဂေဟာ နှစ်ဒါဇင်လောက်ကို ပြောင်းရွှေ့ ရောက်ရှိပြီးနေပါပြီ။ သူမ ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝကြောင့် သူမ ကြီးပြင်းလာတဲ့ အချိန်မှာ ကြီးမားတဲ့ ပန်းတိုင် တစ်ခု ရှိပါတယ်။ အဲဒါက ဘယ်တော့မှ ထားသွားခြင်း ခံရသူ တစ်ဦး မဖြစ်ဖို့ပါတဲ့။ အဲဒီရည်မှန်းချက် ပန်းတိုင်အတွက် သူမ ဆောင်ရွက်ဖို့ ကြိုးစားတာက အိမ်ထောင်ပြုခြင်း ဖြစ်ပါတယ်။ 

သူမ ၁၇နှစ် အရွယ်မှာ တွေ့ခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့ အသက် ၁၉နှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အဲဒီအမျိုးသားက စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မာစတာဘွဲ့ ရရှိထားသူ တစ်ဦးဖြစ်ပြီး ကောင်းမွန်တဲ့ မိသားစုက ဆင်းသက် ပေါက်ဖွားလာတဲ့ လူကောင်းသူကောင်းတစ်ဦး ဖြစ်ပါတယ်။ သူမက အလွန်ကို စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ပါတယ်။ သူမမှာ မိသားစု ရှိလာပြီ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ခု ရှိလာပြီရယ်လို့ပါ။ သို့ပေမယ့် ငါးနှစ်အကြာမှာ သူမက သူမ ယောက်ျားနဲ့ လမ်းခွဲခဲ့ပါတယ်။ 

နောက်ဆယ်နှစ်အကြာမှာ သူမက အခြားအမျိုးသား တစ်ဦးနဲ့ ထပ်မံ လက်ထပ်ခဲ့ပါတယ်။ အဲဒီအမျိုးသားနဲ့ သားလေးတစ်ယောက် ရရှိခဲ့ပါတယ်။ သူကလည်း လူကောင်းသူကောင်း တစ်ဦးပါ။ သူမတို့ အိမ်ထောင်ရေး အဆင်ပြေခဲ့ကြပါတယ်။ သို့ပေမယ့် လေးနှစ်အကြာမှာ သူမက အဲဒီယောက်ျားနဲ့လည်း လမ်းခွဲခဲ့ပါတယ်။ သားကလေးကိုတော့ အတူတူ ဝေမျှ အုပ်ထိန်းကြပါတယ်။ 

သူမက အဲဒီအကြောင်းတွေကို ပြန်ပြောခြင်းက ဂုဏ်ယူပြီး ပြောတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့ ပြန်ပြောရတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ သူမရဲ့ ခင်ပွန်းဟောင်းတွေက သူမ အဲဒီအကြောင်း ပြန်ပြောပြနေချိန်မှာ အခြား ကောင်းမွန်တဲ့ အိမ်ထောင်ဘက် ကိုယ်စီ ရရှိပြီး အဆင်ပြေတဲ့ ဘဝတွေကို ပိုင်ဆိုင်ထားကြကြောင်းကိုလဲ ပြောပြပါတယ်။ 

နောက် ရှစ်နှစ်အကြာ၊ သူမ အသက် လေးဆယ်အရွယ်မှာ ထပ်မံ အိမ်ထောင်ပြုပါတယ်။ အဲဒီအချိန်မှာ သူမက ဒီတစ်ခါတော့ မှန်ကန်ပြီလို့ ခံစားခဲ့ရပါတယ်။ သို့ပေမယ့် သူမယောက်ျားက လက်ထပ်ပြီး ကိုးလ အကြာမှာ အသက် နှစ်ဆယ့်တစ်နှစ်အရွယ် အမျိုးသမီးလေးနဲ့ စပြီး ချိန်းတွေ့ပါတော့သတဲ့။ အဲဒီလိုနဲ့ အဲဒီအိမ်ထောင်ဘက်နဲ့လည်း လမ်းခွဲခဲ့ရပါတယ်။ 

သူမ အကြောင်းတွေကို သူမ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ သူမ လက်ထပ်ခဲ့တဲ့ အကြောင်းအရင်းတွေ မမှန်ကန်ခဲ့တာကြောင့် အဲဒီလိုတွေ ဖြစ်ရတယ်လို့ တွေ့ရှိလာပါတယ်။ လက်ထပ်လိုက်မှ သူမဟာ ပြီးပြည့်စုံသူ တစ်ယောက် ဖြစ်မယ်လို့ ယူဆနေခဲ့တာပါ။ အဲဒါက သူမကိုယ် သူမ အကြွင်းမဲ့ ချစ်နိုင်ခြင်း မရှိတဲ့ အတွက်လို့ မြင်လာပြီး သူမ တကယ် လက်ထပ်သင့်သူ၊ ချစ်သင့်သူက သူမကိုယ်သူမသာ ဖြစ်ကြောင်း တင်စားပြောဆိုခဲ့ပါတယ်။ 

သူမက ကိုယ့်ကိုယ်ကိုယ် ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ ချစ်ရမယ်လို့ ဆိုပါတယ်။ ဘယ်နေရာ၊ ဘယ် အခြေအနေမျိုးကို ရောက်မှ၊ ကိုယ်အလေးချိန်ကျမှ၊ လှမှ စတဲ့ အခြေအနေတွေ အပေါ်မှာ မူတည်ပြီး ချစ်တာမျိုးတွေ မဖြစ်ရဘူးလို့ ဆိုပါတယ်။ အခုလက်ရှိ ရောက်နေတဲ့ အခြေအနေ၊ လက်ရှိ အသွင်သဏ္ဍာန် အတိုင်း ချစ်ရမှာ ဖြစ်ပါတယ်။  

ဒါ့အပြင် မိမိရဲ့ အခြေအနေတွေ ပိုကောင်းလာသည် ဖြစ်စေ၊ ပိုဆိုးသွားသည် ဖြစ်စေ ဆက်ချစ်နေဖို့ လိုပါသတဲ့။ ကျွန်မတို့ အများစုအတွက် အဆင်ပြေ အောင်မြင်နေတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ချစ်ရတာ လွယ်ပါတယ်။ ဒါပေမယ့် ရှုံးနိမ့်တဲ့ အချိန်၊ အမှားလုပ်မိတဲ့ အချိန်တွေမှာ ချစ်ဖို့ မလွယ်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးထက်တောင် ပိုအပြစ်တင် ရှုတ်ချမိတတ်ကြပါတယ်။ အဲဒီအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဆက်ချစ်နေဖို့၊ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ အရေးကြီးပါတယ်တဲ့။ 

ကိုယ့်ကိုယ်ကိုယ် ချစ်ရာမှာ ကိုယ့်ကို အခြားသူ တစ်ဦးက ချစ်စေချင်သလို ချစ်ဖို့ လိုအပ်ပါသတဲ့။ သူမရဲ့ ဘဝမှာ သူမဟာ တခြမ်းသာ ရှိတဲ့သူ တစ်ဦးလို၊ တစ်စုံတစ်ခုကို ပျောက်ဆုံးနေသလို ခံစားခဲ့ရတာပါ။ အဲဒီခံစားချက် ပျောက်ကွယ်သွားဖို့ အတွက် ချစ်သူ၊ အိမ်ထောင်ဘက်တွေကို ရှာဖွေ၊ ထားရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က သူမကို ချစ်မှ သူမကိုယ်သူမ ချစ်နိုင်မယ် ဆိုတဲ့ အနေအထားမျိုးပါ။ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ချစ်နိုင်လာချိန်မှာမှ အရာရာက ပြီးပြည့်စုံသွားတယ်လို့ ခံစားရပါသတဲ့။ သူမ မြင်လာတာက သူမ လုပ်ရမယ့် အလုပ်က ကိုယ့်ဒေါင့်နေရာကလေးမှာ အလင်းရောင်လေးတွေ ထွန်းညှိပေးဖို့ပါပဲတဲ့။ မိမိအတွက် ပြည့်စုံလာတဲ့အခါ အခြားသူတွေကို ဘယ်လို ကူညီရမလဲ ဆိုတာကိုလည်း ပိုပြီး မြင်တတ်လာပါတယ်။ ချစ်သူ အသစ် တွေ့တဲ့ အချိန်မှာ သူက ငါ့ကို သဘောမှ ကျရဲ့လားလို့ စဉ်းစားနေမယ့် အစား သူမ အဲဒီလူနဲ့ ပတ်သက်လို့ ဘယ်လို ခံစားရသလဲ ဆိုတာကို ပိုပြီး သတိပြုမိလာပါသတဲ့။ ပိုပြီး ပျော်ပျော်ရွှင်ရွှင်လည်း ရှိလာပါသတဲ့။ 

ကိုယ့်ကိုယ်ကိုယ် အပြည့်အ၀ ချစ်နိုင်လာတဲ့အခါမှာ ဘဝရဲ့ အခြားအစိတ်အပိုင်းတွေကလည်း လိုက်ပါ ပြောင်းလဲလာကြပါတယ်။ အခြားသူတွေနဲ့ ခင်မင်ရင်းနှီးမှုတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာတွေ၊ လူမှုရေးနယ်ပယ်တွေ အားလုံးမှာ သွားပြီး သက်ရောက်မှု ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ချစ်နိုင်မှ အခြားသူတွေကိုလဲ သူတို့ရဲ့ လက်ရှိ အနေအထား အတိုင်း လက်ခံနိုင်၊ ချစ်နိုင်၊ ခင်မင်နိုင်လာတာ ဖြစ်ပါသတဲ့။ 

မိမိကိုယ်မိမိ ချစ်ခြင်း၊ စာနာနားလည်ခြင်းတွေက ရုတ်တရက်ကြည့်ရင် အတ္တကြီးမယ်၊ ကိုယ့်ကိုယ်ကိုယ် ဖျက်လိုဖျက်ဆီး လုပ်မိနိုင်တယ်လို့ ယူဆစရာ ရှိရပါတယ်။ တွေ့ရှိချက်တွေ အရ အဲဒါက ပြောင်းပြန်ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်သူ၊ စာနာနားလည်သူတွေက ကိုယ့်ကိုယ်ကိုယ် ဖျက်လိုဖျက်ဆီး လုပ်မှု နည်းပါးပြီး သူတစ်ပါးတွေကိုလည်း ပိုပြီး ကူညီနိုင်ပါသတဲ့။ မိမိကိုယ်မိမိ မှန်ကန်စွာ ချစ်လာတဲ့အခါ မိမိ အမှန်တကယ် လိုချင်တာတွေကိုလဲ အချိန်ယူစဉ်းစား ရွေးချယ်နိုင်လာမယ်လို့ ထင်မြင်ယူဆမိပါတယ်။

(Ref: The person you really need to marry TEDx talk by Tracy McMillan, The five myths of self-compassion by Kristin Neff)

[၁၄ ဖေဖော်ဝါရီ ၂၀၁၇ ထုတ် Daily Eleven ထဲမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မေလ ၂၀၁၅နဲ့ ဩဂုတ်လ ၂၀၁၈ အတွင်းမှာသာ Eleven Media မှာ စာရေးသားခဲ့တာ ဖြစ်ပါတယ်။]


Thursday, March 25, 2021

ပျော်ရွှင်မှုကို ရှာဖွေခြင်း

ကျွန်မက စိတ်ချမ်းသာပျော်ရွှင်စေတဲ့ နည်းလမ်းတွေကို စိတ်ဝင်စားပါတယ်။ ရှာဖွေလျက်လည်း ရှိပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုနဲ့ ပတ်သက်ပြီး  သိပ္ပံနည်းကျ လေ့လာမှုတွေနဲ့ ပြောဆိုပို့ချထားတဲ့ Science of Well-Being ဆိုတဲ့ အွန်လိုင်းပေါ်က အတန်းတစ်ခုကို တက်ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်က စိတ်ပညာပါမောက္ခ လော်ရီးဆန်တို့စ် သင်ကြားပို့ချတဲ့ အတန်း ဖြစ်ပါတယ်။ အတန်းရဲ့အမည်ကို နေကောင်းကျန်းမာမှု၏ သိပ္ပံလို့ ဘာသာပြန်လို့ ရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုအကြောင်းကို အဓိက သင်ကြားပို့ချတာ ဖြစ်ပါတယ်။

ပျော်ရွှင်မှုတွေကို စိတ်ဝင်စားရတဲ့ အကြောင်းက အလိုလိုနေရင်း ပျော်ရွှင်မှုတွေကို ရရှိနေသူ တစ်ယောက် မဟုတ်တဲ့ အတွက်ပါပဲ။ အဲဒီအတွက် မိမိကိုယ်တိုင် ပျော်ရွှင်စိတ်ချမ်းသာအောင် လေ့လာအားထုတ် နေရသလို အလားတူ လိုအပ်နေသူတွေကိုလည်း ပြန်လည် မျှဝေပေးချင်ပါတယ်။

အဲဒီအတန်းကို ပို့ချသူ ပါမောက္ခလော်ရီဆန်းတို့စ်ကလည်း သူမဟာ ဝမ်းနည်းနေသူ တစ်ဦးဖြစ်ကြောင်း၊ သူမရဲ့ ပျော်ရွှင်မှု အနေအထားက ပျမ်းမျှရဲ့ အောက်ဘက်မှာ ရှိနေကြောင်း ဝန်ခံပြောဆိုထားပါတယ်။ ဒီအသိပညာတွေက သူမအတွက်ရော အခြားသူတွေအတွက်ပါ လိုအပ်နေတဲ့အတွက် အဲဒီအကြောင်းအရာတွေကို လေ့လာပြီး အဲဒီအတန်းကို ပို့ချခဲ့တာလို့ ဆိုပါတယ်။

အကြောင်းအရာတစ်ခုကို သိရှိအောင် လုပ်ရတာက လွယ်ကူပါတယ်။ ဖတ်တာ၊ သူတစ်ပါး ပြောပြတာကို နားထောင်တာ၊ သင်ယူ လေ့လာတာတွေကနေ သိရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို သိတိုင်းမှာ လက်တွေ့ကျင့်သုံး ဖြစ်တာ မဟုတ်ပါဘူး။ အဲဒီတော့ ပျော်ရွှင်စိတ်ချမ်းသာချင်ရင် အဲဒီအကြောင်းတွေကို သိရှိအောင် လေ့လာသင်ယူရုံနဲ့ မဖြစ်နိုင်ပါဘူး။ သိလာတာတွေကို တတ်နိုင်သမျှ မိမိရဲ့ ဘဝထဲမှာ ထည့်သွင်းပြီး လက်တွေ့ အသုံးချမှသာ အကျိုးသက်ရောက်မှုကို ခံစားရမယ်လို့ သူမက သတိပေး ပြောဆိုထားပါတယ်။ သူမလည်း ကြိုးစားနေဆဲပဲ ဖြစ်ကြောင်းကိုလည်း သင်ခန်းစာတွေ၊ ဆွေးနွေးချက်တွေထဲမှာ ဖွင့်ဟပြောဆိုထားပါတယ်။

ပျော်ရွှင်မှုကို ရရှိစေတဲ့ အကြောင်းတွေကို မပြောသေးခင်မှာ ပျော်ရွှင်မှုကို ရရှိစေမယ်လို့ လူတွေ အထင်မှားနေကြတဲ့ အကြောင်းတွေကို နည်းနည်းလောက် ပြောချင်ပါတယ်။ ငွေကြေး၊ ကောင်းမွန်တဲ့ အလုပ်အကိုင်၊ အံ့သြစရာကောင်းတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ လှပတဲ့ ကိုယ်ခန္ဓာ၊ စာမေးပွဲမှာ အဆင့်ကောင်းတာ အဲဒီအရာတွေက ကျွန်မတို့ကို ပျော်ရွှင်စေမယ့်အရာတွေလို့ ထင်မိကြပါလိမ့်မယ်။ တကယ်တော့ အဲဒါတွေက ပျော်ရွှင်မှုကို အခိုက်အတန့်သာ ရရှိစေနိုင်ပါတယ်။ မိမိ လိုချင်တဲ့ ငွေကြေး၊ ရာထူး စတဲ့ တစ်စုံတစ်ခုကို ရရှိလာချိန်မှာ နှိုင်းယှဉ်မှု ညွှန်းကိန်းတွေ ပိုမိုမြင့်မားသွားတတ်တဲ့အတွက် အဲဒီအခြေအနေကို မပျော်ရွှင်တော့ဘဲ ဖြစ်သွားလေ့ ရှိပါတယ်။ ဒါ့အပြင် ရရှိလာတဲ့ ကောင်းမွန်တဲ့ အခြေအနေတွေက သိပ်မကြာခင်မှာဘဲ Hedonic Adaptation လို့ ခေါ်တဲ့ နေသားကျမှုကို ကြုံတွေ့ရလေ့ရှိတဲ့အတွက် အဲဒါတွေကို ပျော်စရာလို့ မခံစားရတော့ဘဲ ဖြစ်သွားတတ်ပါတယ်။

လူတွေကို အမှန်တကယ် ပျော်ရွှင်စေတဲ့ အရာတွေက လွယ်ကူရိုးစင်းပြီး လူအများစု လက်လှမ်းမီနိုင်တဲ့ အရာတွေ ဖြစ်နေပါတယ်။ အဲဒါတွေက တစိမ့်စိမ့် အရသာ ခံစားခြင်းလို့ ဘာသာပြန်နိုင်မယ့် Savoring၊ ကျေးဇူးတင်ခြင်း၊ အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ တရားမှတ်ခြင်းလို့ အကြမ်းဖျဉ်း ဘာသာပြန်နိုင်မယ့် Meditation၊ အကြင်နာတရားရှိခြင်း၊ လူမှုရေးဆိုင်ရာ ဆက်နွှယ်မှုနဲ့ မိမိရဲ့သင်္ကေတအားသာချက်တွေကို နည်းလမ်းသစ်နဲ့ အသုံးပြုခြင်းတို့ ဖြစ်ပါတယ်။ ကျွန်မတို့ အပေါ်ယံ နားလည်ထားတာတွေနဲ့ အလွန်ကို ကွာခြားနေမယ်လို့ ထင်ပါတယ်။

မိမိနှစ်သက်တဲ့ တစ်စုံတစ်ရာကို အချိန်အနည်းငယ် ယူပြီး တစိမ့်စိမ့် ခံစားမှုက နည်းလမ်းသုံးမျိုးနဲ့ ပျော်ရွှင်မှုတွေကို ရရှိစေနိုင်ပါတယ်။ ပထမ တစ်နည်းက ကောင်းမွန်တဲ့ အရာတွေကို ရရှိပြီး ကာလကြာချိန်မှာ နေသားကျသွားတဲ့အတွက် အထူးတလည် ပျော်ရွှင်မှု မရရှိတော့တဲ့ အခြေအနေကို ပြန်လည် တည့်မတ်ပေးခြင်းအားဖြင့်ပါ။ မိမိ သေမလောက် လိုချင်ခဲ့တဲ့ ပစ္စည်းတစ်ခုကို ရရှိပြီးချိန်မှာ ကာလအနည်းငယ်တော့ ပျော်ရွှင်နေတတ်ပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို ကျော်လွန်သွားချိန်မှာ အဲဒါက ဘာမှ မထူးဆန်းတော့သလို ဖြစ်လာပြီး အဲဒီအတွက် ပျော်ရွှင်မှု မရှိသလောက် ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရေး၊ အချစ်ရေးတွေမှာလည်း အဲဒီလိုပါပဲ။ ချစ်သူနဲ့ အတူနေခွင့်ရဖို့ မျှော်လင့် ပျော်ရွှင်နေခဲ့တဲ့ကာလ၊ အိမ်ထောင်ဦး ပျားရည်ဆမ်း ကာလတွေ ကျော်လွန်ပြီး နောက်ပိုင်းမှာ အဲဒါက ဘာမှ အရေးမကြီးတဲ့ အရာတစ်ခုလို ဖြစ်လာပါတယ်။ အနားမှာ ရှိနေသူကို စိတ်တောင် ရှုပ်ကောင်းရှုပ်လာပါလိမ့်မယ်။ အဲဒီအရာတွေကို မရသေးခင်က ရဖို့ မျှော်လင့်စောင့်စားခဲ့ရတဲ့ ကာလတွေ၊ ရရှိကာစ အလွန်အမင်း ပျော်ခဲ့ဖူးတဲ့ ကာလတွေကို ပြန်တွေးပြီး တစိမ့်စိမ့် ပြန်ခံစားကြည့်ခြင်းက နေသားကျနေတဲ့ ခံစားမှုတွေကို ပြန်လည်တည့်မတ်ပေးနိုင်ပါတယ်။ ကျွန်မတို့ ဘဝတွေထဲမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ အရာတွေကိုလည်း ပြန်လည်သတိရစေနိုင်ပါတယ်။

ဒုတိယတစ်နည်းက စိတ်ရဲ့ ပျံ့လွင့်နေမှုတွေကို ရပ်တန့်စေခြင်းအားဖြင့်ပါ။ တစ်စုံတစ်ခုကို တစိမ့်စိမ့် အရသာ ခံစားနေစဉ်မှာ  စိတ်ကို အဲဒီနေရာမှာပဲ တည့်တည့် ရှိနေစေတဲ့အတွက် စိတ်ပျံ့လွင့်မှုကြောင့် မပျော်မရွှင် ဖြစ်နေတာတွေကို ရပ်တန့်စေနိုင်ပါတယ်။ တတိယနည်းကတော့ ကျေးဇူးတင်ခြင်းအားဖြင့်ပါ။ ကျေးဇူးတင်ခြင်း ကိုယ်တိုင်ကိုက စိတ်ကို တစ်ခုမကတဲ့ နည်းလမ်းတွေနဲ့ ပျော်ရွှင်မှု ပေးနိုင်ပါတယ်။

မိမိဘဝမှာ ရှိနေတဲ့ ကောင်းတဲ့ ဖြစ်ရပ်တစ်ခု၊ အတွေ့အကြုံတစ်ခုကို မိနစ်အနည်းငယ်လောက် အချိန်ယူပြီး တစိမ့်စိမ့်အရသာ ခံစားရင်း စမ်းသပ်ကြည့်လို့ရပါတယ်။ ဥပမာ ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ လှပတဲ့ ရှုခင်းလေးတစ်ခု၊ မိမိနှစ်သက်တဲ့ ပန်းကလေးတစ်ပွင့်အပေါ်မှာ တစိမ့်စိမ့်အရသာ ခံစားကြည့်တာမျိုးပါ။ ဓာတ်ပုံ ရိုက်ယူတာမျိုး ရေးသားမှတ်တမ်းတင်တာမျိုးတွေနဲ့လည်း မိမိရရှိခဲ့တဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံကို မှတ်သားထားလို့ ရပါတယ်။ နောက်ပိုင်းမှာ အဲဒီလို ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေကို ပြန်ပြီး ကြည့်ပါ။ အဲဒီလို ပြန်လည်ကြည့်ရှုသုံးသပ်တာတွေက တစိမ့်စိမ့် အရသာခံစားတတ်တဲ့ အလေ့အကျင့်ကို မိမိဘဝထဲ ရောက်ရှိသွားစေဖို့ အကူအညီပေးနိုင်ပါတယ်။

ကျေးဇူးတင်ခြင်းက စိတ်ခံစားမှုတွေကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ခုခံအားစနစ်ကို ပိုမိုမြင့်မားစေနိုင်ပြီး သွေးဖိအားကိုတောင်မှ ကျဆင်းစေနိုင်ပါတယ်။ ကျေးဇူးတင်ခြင်းက လူမှုရေးဆိုင်ရာ ဆက်နွှယ်မှုကို ပိုမို သန်စွမ်းစေနိုင်တဲ့အတွက် အဲဒီရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ရရှိပါတယ်။ ကျေးဇူးတင်တဲ့ အလေ့အကျင့် မရှိသေးဘူး ဆိုရင် တစ်နေ့ကို ငါးမိနစ်၊ ဆယ်မိနစ်လောက် အချိန်ယူပြီး ကျေးဇူးတင်တဲ့ အရာတွေကို ချရေးခြင်းနဲ့ စတင်နိုင်ပါတယ်။ မိမိ ကျေးဇူးတင်တဲ့ အရာတွေကို ဓာတ်ပုံရိုက်ပြီး သိမ်းဆည်းထားတာမျိုးကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ ရေးသားတဲ့အချိန်၊ ဓာတ်ပုံ ရိုက်တဲ့အချိန်တွေမှာ မိမိတွေးနေတဲ့ ကျေးဇူးတင်မှုကို အမှန်တကယ် ရရှိခံစားမိဖို့အတွက် အချိန်နည်းနည်း ယူပါ။ ကျေးဇူးတင်တဲ့ အလေ့အကျင့်တွေကို မိမိဘဝထဲ ထည့်သွင်းပြီး ဆက်လက် ဆောင်ရွက်မယ် ဆိုရင် ကာလကြာလာတာနဲ့ အမျှ ပျော်ရွှင်မှုတွေကို သိသိသာသာ ခံစားရပါလိမ့်မယ်။

အိပ်စက်ခြင်းကို လုံလောက်အောင် နေ့စဉ် ပြုလုပ်နိုင်ရင် စိတ်ခံစားချက်တွေ တစ်စထက် တစ်စ ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။ တစ်နေ့ကို ၇နာရီ ၈နာရီလောက် အိပ်သင့်ပါတယ်။ လုံလောက်အောင် အိပ်စက်ခြင်းက ငွေကြေးကုန်ကျမှု မရှိဘဲ အလွန်လွယ်ကူတဲ့ ပျော်ရွှင်ကျန်းမာစေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတွေက စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေမှာလည်း စိတ်ဓာတ်ကျမှုကို သက်သာစေတဲ့ ဆေးတွေ သောက်သုံးသလောက်ကို စိတ်ဓာတ်ကျမှု လျော့ပါးစေနိုင်ပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်မှ မဟုတ်ပါဘူး။ မူလထက် ခန္ဓာကိုယ်ကို ပိုပြီး လှုပ်ရှားမှု ပြုတာတွေ အားလုံးက အကျိုးသက်ရောက်မှု ရှိပါတယ်။

Meditation ကို တရားမှတ်ခြင်းလို့ အကြမ်းဖျဉ်း ဘာသာပြန်နိုင်ပေမဲ့ အခြား စိတ်တည်ငြိမ်စေတဲ့ နည်းလမ်းများစွာကလည်း အဲဒီခေါင်းစဉ်အောက်ထဲမှာ အကျုံးဝင်ပါတယ်။ လွင့်ပျံ့နေတဲ့ စိတ်အခြေအနေက လူတွေကို မပျော်ရွှင်စေတဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Meditation နည်းလမ်း တစ်ခုခုနဲ့ စိတ်ကို ပစ္စုပ္ပန်မှာ ရှိနေအောင် ဆောင်ရွက်နိုင်မယ် ဆိုရင် သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ ကောင်းမွန်တဲ့ ခံစားမှုတွေကို ရရှိနိုင်ပါတယ်။ ဘယ်တုန်းကမှ Meditation ကို မဆောင်ရွက်ဖူးသူ ဆိုရင် ငါးမိနစ်လောက် သတိကပ်တာနဲ့လည်း စတင်လို့ ရပါတယ်။ Meditationကို ဆောင်ရွက်နေသူတွေကတော့ အချိန်နည်းနည်းစီ ထပ်ပြီး တိုးသွားလို့ ရပါတယ်။ အဲဒါကို ပုံမှန် ဆက်လက် ဆောင်ရွက်သွားမယ် ဆိုရင် ကာလကြာမြင့်လာတာနဲ့ အမျှ စိတ်ချမ်းသာ ပျော်ရွှင်မှုတွေကို ရရှိလာပါလိမ့်မယ်။

အကြင်နာတရားရှိခြင်း၊ အခြားသူတွေ အပေါ်မှာ ကြင်နာတဲ့ အပြုအမူတွေကို ဆောင်ရွက်ခြင်းကလည်း စိတ်ခံစားမှုတွေကို ကောင်းမွန်စေပါတယ်။ လူမှုရေးဆိုင်ရာ ဆက်နွှယ်မှု ရှိတဲ့ ခံစားမှုကိုလည်း ပိုပြီး မြင့်မားလာစေနိုင်ပါတယ်။ လှူဒါန်းမှု၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်မှုတွေက ကြင်နာမှု ရှိတဲ့ အပြုအမူတွေရဲ့ ဥပမာပါ။ ဒါ့အပြင် တစ်ယောက်ယောက်ကို ချီးမွမ်းစကားပြောလိုက်တာ၊ တစ်စုံတစ်ယောက်အတွက် ကောင်းမွန်တဲ့ ဆောင်ရွက်မှု တစ်ခုခု ပြုလုပ်ပေးလိုက်တာတွေကလည်း ကြင်နာမှု ရှိတဲ့ အပြုအမူတွေပါပဲ။ တစ်နေ့ကို ကြင်နာတဲ့ အပြုအမူ တစ်ခုလောက် ပုံမှန် ဆောင်ရွက်သင့်ပါတယ်။
လူမှုရေးဆိုင်ရာ ဆက်နွှယ်မှုတွေကို ဆောင်ရွက်ခြင်းက အပြုသဘော ဆောင်တဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေတယ်လို့ တွေ့ရှိထားပါတယ်။ အဲဒါက မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပြောဆို ဆက်ဆံတာမျိုး၊ အတူသွား အတူစားတာမျိုး ဖြစ်နိုင်သလို၊ သွားရင်း လာရင်း လမ်းမှာ၊ ဆိုင်မှာ ဆုံတွေ့ရတဲ့ သူစိမ်းတစ်ယောက်နဲ့ စကားစမြည် ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါက သင်ထင်ထားတာထက် ပိုပြီး သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။

Signature Strength လို့ ခေါ်တဲ့ သင်္ကေတအားသာချက်တွေကို သိချင်ရင်တော့ အပြုဘက်ဆိုင်ရာ စိတ်ပညာရဲ့ VIA Survey မေးခွန်းလွှာတွေကို ဖြေဆိုကြည့်မှ သိရှိနိုင်ပါလိမ့်မယ်။ http://www.viacharacter.org/www/Character-Strengths-Survey မှာ အင်္ဂလိပ် ဘာသာနဲ့ ဖြေဆိုကြည့်လို့ ရပါတယ်။ သင်္ကေတအားသာချက်က စုစုပေါင်း ၂၄ခု ရှိပါတယ်။ အဲဒါက မိမိထံမှာ ရှိနေတဲ့ အားသားချက်အချင်းချင်းကို နှိုင်းယှဉ်ကြည့်ပြီး ဘယ်အရာက ပိုများနေသလဲလို့ ဖော်ထုတ်ဖို့အတွက်ပါ။ အခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ပြောရရင် ကျွန်မရဲ့ အမြင့်မားဆုံး သင်္ကေတအားသာချက်တစ်ခုက ရိုးသားခြင်း ဖြစ်ပါတယ်။ အဲဒါရဲ့ အဓိပ္ပာယ်က ကျွန်မက အခြားသူတွေထက် ပိုပြီး ရိုးသားတယ်လို့ မဆိုလိုပါဘူး။ ကျွန်မမှာ ရှိတဲ့ အားသာချက်တွေထဲက အခြားအရာတွေထက် စာရင် ရိုးသားမှုက ပိုပြီး မြင့်မားနေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီအားသာချက်တွေကို နည်းလမ်းသစ်တွေနဲ့ အသုံးချခြင်းကလည်း ပျော်ရွှင်စေတဲ့ အပြုအမူတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဥပမာ ရိုးသားမှုဆိုတဲ့ သင်္ကေတအားသာချက်ကို အမှန်တရားကို ပြောခြင်းနဲ့ အသုံးချနိုင်ပါတယ်။ ပြောနေသူ ဆိုရင် နည်းလမ်းသစ် အနေနဲ့ စာနဲ့ ရေးသားနိုင်ပါတယ်။ ရုပ်ပုံနဲ့ ဖော်ပြနိုင်ပါတယ်။

ကောင်းမွန်တဲ့ အရာတွေကို ရရှိပြီးချိန်မှာ နေသားကျတဲ့ အခြေအနေကို ရောက်သွားရင် ပျော်ရွှင်မှုကို မခံစားရတော့ဘဲ ဖြစ်တတ်ပါတယ်။ အဲဒီအခြေအနေကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတစ်ခုက အထက်မှာ ပြောခဲ့ပြီး ဖြစ်တဲ့ တစိမ့်စိမ့် အရသာ ခံစားမှုပါ။ မိမိအလွန်အမင်း လိုချင်နေတဲ့အရာတွေကို ရရှိကာစမှာ ဘယ်လို ခံစားခဲ့ရသလဲ ဆိုတာကို ပြန်တွေးပြီး အဲဒီအခြေအနေကို တစိမ့်စိမ့် အရသာ ခံစားကြည့်လိုက်ပါ။
 နောက်နည်းလမ်းတစ်ခုက တကယ်လို့ ကိုယ်လိုချင်တာတွေကို မရရှိခဲ့ဖူး၊ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့ဘူး၊ ကိုယ်ချစ်တဲ့သူနဲ့ ဘယ်တော့မှ မဆုံတွေ့ရဘူး ဆိုရင် ဘယ်လိုမျုား ဖြစ်မလဲလို့ စိတ်ကူးနဲ့ တွေးတောမြင်ယောင်ကြည့်ခြင်းပါ။ အဲဒီလို ဆောင်ရွက်မှုက ကိုယ်ရရှိနေတဲ့ အခြေအနေတွေကို ပြန်လည် တန်ဖိုးထား ဖြစ်စေနိုင်ပါတယ်။
နောက်တစ်နည်းက ရရှိနေတဲ့ တစ်စုံတစ်ရာကို လက်လွှတ် ဆုံးရှုံးရမယ် ဆိုရင် ဘယ်လို ဖြစ်မလဲလို့ စဉ်းစားကြည့်ပါ။ ဥပမာ ကျောင်းသား၊ ကျောင်းသူ ဘ၀ ပြီးဆုံးခါနီးကာလမှာ ကျောင်းတက်ရတဲ့ တန်ဖိုးကို ပိုပြီး မြင်လာတာမျိုး၊ ဇနီး၊ ခင်ပွန်းနဲ့ ခွဲခွာရမယ် ဆိုမှ အတူတူ ရှိနေချိန်တွေကို ပိုပြီး တန်ဖိုး ထားမိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ပျော်ရွှင်စေတဲ့ အပြုအမူတွေကို မိမိဘဝထဲမှာ အလေ့အကျင့် ဖြစ်အောင် ဆောင်ရွက်ရာမှာ ရည်မှန်းချက် ပန်းတိုင်ချမှတ်ခြင်းက အထောက်အကူ ပြုပါတယ်။ တိကျတဲ့ ပန်းတိုင် ထားရှိခြင်းက အဲဒါတွေကို အမှန်တကယ် ဆောင်ရွက်ဖြစ်မယ့် နည်းဗျူဟာတွေကို ပိုပြီး ရရှိစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဥပမာ တရားထိုင်မယ် ဆိုရင် တစ်ပတ်မှာ ဘယ်နှရက် ထိုင်မှာလဲ၊ တစ်ကြိမ်ကို ဘယ်လောက်ကြာကြာ ထိုင်မှာလဲ၊ ဘယ်အချိန်မှာ ထိုင်မှာလဲ၊ ဘယ်နေရာမှာ ထိုင်မှာလဲ စသဖြင့် တိတိကျကျ ပန်းတိုင် ချမှတ်လိုက်ခြင်းက အဲဒီအပြုအမူကို ပုံမှန် ဆောင်ရွက်ဖြစ်ဖို့ ပိုမို လွယ်ကူလာစေပါတယ်။

ရည်မှန်းချက် ပန်းတိုင်ချမှတ်ခြင်းရဲ့ ဒုတိယပိုင်းကတော့ စိတ်နဲ့ နှိုင်းယှဉ်ကြည့်တဲ့ နည်းလမ်းကို အသုံးပြုခြင်းပါ။  မိမိရောက်ချင်တဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲ၊ အဲဒီကို အမှန်တကယ် ရောက်ရှိရင် ဘာတွေ ပိုကောင်းသွားမလဲ ဆိုတဲ့ အပြုဘက် ဖြစ်ရပ်တွေကို စိတ်ကူးနဲ့ မြင်ယောင်ကြည့်ပါ။ ဒါ့အပြင် အဲဒီကို ရောက်ဖို့ သွားရတဲ့ ခရီးလမ်းမှာ ဘယ်လို အတားအဆီးတွေ ရှိနိုင်သလဲ ဆိုတာကို တွေးကြည့်ပါ။ အဲဒီအတားအဆီးတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကိုလည်း “တကယ်လို့ ဒါဖြစ်လာခဲ့ရင် ဒါလုပ်မယ်” ဆိုပြီး တိတိကျကျ ကြိုတင် အစီအစဉ် ရေးဆွဲထားပါ။

ပျော်ရွှင်စေမယ့် အလေ့အကျင့်တွေကို တစ်ပြိုင်နက်တည်း အားလုံး စုပြုံဆောင်ရွက်ဖို့ မလိုပါဘူး။ တစ်ကြိမ်မှာ အလေ့အကျင့် အသစ် တစ်ခု တည်ဆောက်ရင်း ဖြည်းဖြည်းချင်း ထပ်တိုးသွားလို့ ရပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ သက်ရောက်မှုတွေက သိသာထင်ရှားလာပါလိမ့်မယ်။

စိတ်ပညာရှင် သုတေသီ ဆိုနီယာလူဘိုမားစကီးရဲ့ သုတေသန တွေ့ရှိချက်အရ လူတစ်ယောက် ရရှိနေတဲ့ စိတ်ချမ်းသာပျော်ရွှင်မှုရဲ့ ငါးဆယ်ရာခိုင်နှုန်းက သူ့ရဲ့ မျိုးရိုးဗီဇပေါ်မှာ မူတည်နေတယ်၊ ဆယ်ရာခိုင်နှုန်းက သူ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေတွေပေါ်မှာ မူတည်နေတယ်၊ လေးဆယ်ရာခိုင်နှုန်းကတော့ ကာယကံရှင်ရဲ့ လက်ထဲမှာ ရှိတယ်လို့ သိရပါတယ်။ အဲဒီလေးဆယ်ရာခိုင်နှုန်းကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အမှန်တကယ် ပျော်ရွှင်စေမယ့် အကြောင်းအရာတွေကို သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် သိပ္ပံနည်းကျ တွေ့ရှိချက်တွေအရ လူတစ်ဦးချင်းစီရဲ့ ပျော်ရွှင်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။ ပျော်ရွှင်မှုကို ရှာဖွေနေသူတွေအတွက် အကျိုးရှိ အသုံးဝင်မယ်လို့ ယူဆမိပါတယ်။
(Source: The Science of Well-being Course by Yale University offered through Coursera)
၂၀၁၉ခုနှစ် ဇူလိုင် - ဩဂုတ်လထုတ် ချင်းတွင်းမဂ္ဂဇင်း အမှတ်(၉၀)ထဲမှာ ဖော်ပြပါရှိခဲ့ပြီး ဖြစ်ပါတယ်။

Wednesday, March 24, 2021

လူကောင်းများ၏ မသိစိတ်မှ ဘက်လိုက်ခြင်း

မကြာမီက အလုပ်ရုံဆွေးနွေးပွဲ တစ်ခု တက်ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတွေ ပိုမို စိတ်ဝင်စားတဲ့ အကြောင်းအရာမို့ တက်ရောက်သူထဲမှာ အမျိုးသား အရေအတွက်က သိသာထင်ရှားစွာ နည်းပါးပါတယ်။ ဆွေးနွေးပွဲရဲ့ တစ်နေရာမှာ အဖွဲ့ငယ် နှစ်ဖွဲ့ခွဲ၊ အဖွဲ့လိုက် ဆွေးနွေးပြီး ရလဒ်ကို ပြဇာတ်တိုကလေးနဲ့ ပြန်လည်တင်ပြရတဲ့ ကဏ္ဍလေးတစ်ခုပါပါတယ်။ အဲဒီ တင်ပြချက်ကလေးတွေ ပြီးတဲ့အချိန်မှာ ဦးဆောင်ဆွေးနွေးသူက အဖွဲ့တစ်ဖွဲ့မှာ အမျိုးသား နှစ်ယောက်စီပဲ ပါပြီး ကျန်သူအားလုံးက အမျိုးသမီးတွေ ဖြစ်နေပေမယ့် ပြဇာတ်တိုကို ဦးဆောင်စီစဉ်သွားသူက နှစ်ဖွဲ့စလုံးမှာ အမျိုးသားတွေပဲ ဖြစ်နေကြောင်း ထောက်ပြ ပြောဆိုပါတယ်။

ခေါင်းဆောင်ဆိုတာက အမျိုးသားပဲ ဖြစ်ရမယ်လို့ အားလုံးရဲ့ မသိစိတ်က ခံစားကြရင်းက ဖြစ်သွားတာလားလို့ ဆက်ဆွေးနွေးကြရင်း၊ "မသိစိတ်က ဘက်လိုက်ခြင်း"ဆိုတဲ့ အကြောင်းအရာကလေး ကျွန်မ ခေါင်းထဲ ရောက်လာပါတယ်။ တကယ့် ဖြစ်ရပ်မှန်က ကျွန်မတို့ ပါဝင်တဲ့ အဖွဲ့မှာ ဦးဆောင်စီစဉ်သူက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးသူက သူမ ဘေးက ပံ့ပိုးကူညီသူ အမျိုးသားကို ခေါင်းဆောင်လို့ ထင်မှတ်မှားသွားခြင်းပါ။ ဒီနေရာမှာ ဦးဆောင်ဆွေးနွေးသူ ကိုယ်တိုင်ရဲ့ မသိစိတ်ကိုက ဘက်လိုက်ပြီး အမြင်မှားသွားခဲ့ပုံရပါတယ်။ အမျိုးသားတွေပဲ ခေါင်းဆောင်လုပ်ကြမှာ၊ အမျိုးသမီးတွေက နောက်လိုက်အဖြစ် ကျေကျေနပ်နပ် ခံယူကြမှာပဲဆိုတဲ့ တွေ့နေကျ ပုံရိပ်တွေက မသိစိတ်ထဲမှာ စွဲနေပုံ ရပါတယ်။ 

မသိစိတ်က ဘက်လိုက်ခြင်းလို့ မိမိဖာသာ နားလည်လွယ်အောင် ဘာသာပြန်ထားတဲ့ implicit bias ဆိုတဲ့ သဘောတရားကလေးကို ကျွန်မ သိနားလည်ခွင့်ရတာ မကြာသေးပါဘူး။ အင်တာနက်ပေါ်မှာ အခမဲ့တက်ခွင့်ရတဲ့ လူမှုရေးစိတ်ပညာအတန်းတစ်ခုကနေ သိနားလည်ခွင့်ရခဲ့ခြင်းပါ။ မသိစိတ်ထဲက မှတ်ဉာဏ်တွေကို ဆန်းစစ်တဲ့ စမ်းသပ်မှု (Implicit Association Test) ကို ပူးတွဲဖန်တီးခဲ့သူ ဟားဗတ်တက္ကသိုလ်က စိတ်ပညာရှင်၊ သုတေသီပရော်ဖက်ဆာမဇာရင်ဘန်နာဂျီရဲ့ ရှင်းပြချက်ကလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။
********
ကျွန်မတို့ စိတ်ပညာနဲ့ ဦးနှောက်နဲ့ အာရုံကြောသိပ္ပံ ပညာရှင် အများစုက လူ့စိတ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက သိစိတ် မပါဘဲ အလုပ်လုပ်နေကြတယ်လို့ ယုံကြည်ကြပါတယ်။ ကမ္ဘာပေါ်မှာ လူအချင်းချင်း အန္တရာယ်ပြုမှုတွေကို မြင်တွေ့ရတဲ့အခါ ကျွန်မတို့က "လူကောင်းတွေက အခြားသူတွေကို ဘယ်လို ပုံစံမျိုးနဲ့ အန္တရာယ် ပြုတတ်ကြသလဲ" ဆိုတဲ့ မေးခွန်းကို စတင် မေးမြန်းဖို့ လိုအပ်လာကြပါတယ်။ ဥပမာလေးတစ်ခုက ကျွန်မတို့ လေ့လာခဲ့ကြတဲ့ အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့က ဆရာဝန်အချို့ အကြောင်း ဖြစ်ပါတယ်။

အဲဒီဆရာဝန်တွေက အလွန်ကို စိတ်ထားကောင်းမွန်တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့က ဆင်းရဲသားတွေကို ဂရုစိုက်ကြပါတယ်။ သူတို့က ကျန်းမာရေးအာမခံ မရှိတဲ့ လူတွေကို ကုသပေးတဲ့ ဆေးရုံလို နေရာမျိုးတွေမှာ အလုပ်လုပ်ကြပါတယ်။ တကယ်ကို ကြည်နူးအံ့သြစရာကောင်းတဲ့ အလုပ်တွေကို လုပ်နေကြတဲ့သူတွေပါ။ ဒါပေမယ့် စိတ်ပညာရှင်တွေ စမ်းသပ်မှုတွေ ပြုလုပ်ပြီး ရလာတဲ့ ရလဒ်က အဲဒီလို စိတ်ကောင်း စေတနာကောင်း ရှိလှတဲ့ ဆရာဝန်တွေထဲမှာတောင် မသိစိတ်က ဘက်လိုက်ခြင်း၊ ခွဲခြားခြင်း ဆိုတဲ့ အရာတွေ ရှိနေကြပါတယ်တဲ့။

ကျွန်မတို့ရဲ့ စမ်းသပ်မှုက ဆရာဝန်တွေရဲ့ မသိစိတ်ထဲက မှတ်ဉာဏ်နဲ့ စကားလုံးတွေ ဆက်စပ်ခြင်းကို တိုင်းတာတဲ့ စမ်းသပ်မှုပါ။ ကောင်းတဲ့ အရာတွေ (အချစ်၊ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်း၊ မိတ်ဆွေ သူငယ်ချင်း ဖြစ်ခြင်း အစရှိတဲ့ စကားလုံးတွေ) ကို လူဖြူ၊ လူမည်း နှစ်အုပ်စုနဲ့ ဘယ်လောက် မြန်မြန်ဆန်ဆန် တွဲစပ်ကြည့်နိုင်သလဲ ဆိုတဲ့ တိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ လူမည်းတွေကို ကောင်းတဲ့ အရာတွေနဲ့ ဆက်စပ်ကြည့်ဖို့ ခက်ခဲတယ်လို့ တွေ့ရှိရတဲ့ ဆရာဝန်တွေက လူမည်းတွေကို ဆေးကုသမှု ပေးရာမှာ မှန်ကန်မှု မရှိကြောင်း တွေ့ရှိရပါတယ်။

အဲဒါက အလွန်ကို အံ့သြတုန်လှုပ်စရာ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က အဲဒီလို လုပ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြပါဘူး။ အားလုံးကို တန်းတူရည်တူ ကုသပေးဖို့ ရည်ရွယ်ခဲ့ကြသူတွေပါ။ အဲဒီတွေ့ရှိချက်တွေက ကျွန်မတို့က

မိမိအပေါ် မိမိ ထားရှိတဲ့ စံနှုန်းတွေကို ပိုမြှင့်ဖို့ လိုလာပြီ ဆိုတာကို ပြသနေပါတယ်။ မသိစိတ်ထဲက ဘက်လိုက်နေရင်ကို အမှန်တကယ် လူကောင်းတွေ ဖြစ်ကြဖို့ ခဲယဉ်းပါတယ်။ အဲဒီတော့ မိမိကိုယ်မိမိ အပြည့်အ၀ ဖွင့်ထုတ်ပြီး သိရှိဖို့ လိုအပ်လာပါတယ်။ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အတွင်းစိတ် အထိ အပြည့်အ၀ သိရှိပြီးရင်တော့၊ ကွဲပြားတဲ့ ဆုံးဖြတ်ချက်တွေကို ချမိကောင်း ချမိကြပါလိမ့်မယ်။  မသိစိတ်က ဘက်လိုက်မှုတွေရဲ့ ဗဟိုချက် ဖြစ်ပါတယ်။

ဘာကြောင့် အဲဒီလိုတွေ ဖြစ်ရပါသလဲ။ ဖြစ်ရပ်တွေ၊ အကြောင်းအရာတွေက အချို့ လူအုပ်စုဝင်တွေနဲ့ တွဲရင် ကောင်းတတ်ပြီး၊ အချို့ လူအုပ်စုဝင်တွေနဲ့ တွဲရင် ဆိုးတတ်တယ် ဆိုတာမျိုးကို ကျွန်မတို့ အမြဲတမ်း မြင်တွေ့နေရလို့ပါပဲ။ အဲဒီလို ရိုးရိုးလေး မြင်တွေ့နေရတာတွေက အချိန်ကြာလာတဲ့ အခါ သက်ရောက်မှုတွေ ရှိပါတယ်။ "ထိတွေ့ရုံ မျှသာဖြင့်" ဆိုတာက အလွန်ကို အားကောင်းတဲ့ စကားစုလေး ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သင်က လမ်းဘေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးပေါ်မှာ ရုပ်ပုံတစ်ခုကို တွေ့မိပါမယ်။ အဲဒီလို တွေ့လိုက်ရတဲ့ ရုပ်ပုံက သင့်ကို ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ကောင်း ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီရုပ်ပုံက သင် ဒီအတိုင်း မတွေးမိမယ့် အရာတွေကို သတိရစေနိုင်လို့ပါ။

မသိစိတ်က ဘက်လိုက်မှုအတွက် ကျွန်မတို့ ပထမဆုံး လုပ်နိုင်တာက အဲဒါတွေကို သတိပြုမိကြဖို့ပါပဲ။ သတိပြုမိခြင်းကနေ အပြုအမူတွေကို ပြောင်းလဲနိုင်ကြပါတယ်။ တစ်ခါတစ်ရံမှာ လူတွေက ကျွန်မကို မေးတတ်ကြပါတယ်။ " အခု မင်းက မင်း ကိုယ်တိုင်ရဲ့ မသိစိတ်က ဘက်လိုက်တာတွေကို သိပြီ၊ အဲဒီတော့ ဒီအတွက် မင်းဘာလုပ်သလဲ"တဲ့။

ကျွန်မအတွက် ကျွန်မ လုပ်တဲ့ အရာတွေထဲက တစ်ခုကတော့ လအနည်းငယ်တိုင်းမှာ တစ်ကြိမ်၊ ကျွန်မ ရှေ့က ကွန်ပျူတာပေါ်မှာ လည်နေမယ့် ပုံရိပ်အသစ်တစ်ခု တင်ပါတယ်။ အဲဒီပုံရိပ်တွေထဲက တစ်ခုက အမျိုးသမီး တစ်ဦးရဲ့ ရုပ်ပုံဖြစ်ပါတယ်။ သူမက ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်ပါတယ်။ သူမက ဂျင်းဘောင်းဘီ၊ လေးပင်တဲ့ လည်ရှည်ဖိနပ်ကို ဝတ်ထားပြီး မာကျောတဲ့ ဦးထုပ်ကို ဆောင်းထားပါတယ်။ ပြီးတော့ သူမက နေ့လယ်ထမင်းစားချိန်မှာ ကလေးကို နို့တိုက်နေပါတယ်။ တကယ်လို့ ကျွန်မက "ဆောက်လုပ်ရေးလုပ်သား" လို့ ပြောရင်၊ ဘယ်လို ပုံရိပ်မျိုးတွေ သင့် ခေါင်းထဲ ရောက်လာသလဲ။ ဒီလိုပုံမျိုးတော့ မဟုတ်နိုင်ပါဘူး။ ကျွန်မရဲ့ မျှော်လင့်ချက်က၊ အဲဒီလို အလွယ်တကူ မမြင်မိတတ်တဲ့ ပုံမျိုး များများစားစား မြင်လာတဲ့ အခါ သင့်ရဲ့စိတ်က ပိုမို ကျယ်ပြန့်လာပြီး ဖြစ်နိုင်တဲ့ အရာအားလုံးကို မြင်ယောင်စွမ်း ရှိလာပါလိမ့်မယ်။

အရပ်ပုတဲ့ လူတစ်ဦးကိုလဲ သမ္မတအဖြစ် မြင်ယောင်ကြည့်လို့ ရနိုင်လာပါမယ်။  အဲဒါက အမေရိကန်နိုင်ငံမှာ မဖြစ်နိုင်သလောက်လို့ ပြောရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲတိုင်းမှာ အနည်းငယ် အရပ်ပိုရှည်တဲ့ သူက အနိုင်ရပါတယ်။ အဲဒီတော့ သင်က သင့်အရပ် အနိမ့်အမြင့်က ဒီအလုပ်ကို ရမယ် မရဘူး ဆိုတာမျိုး ဆုံးဖြတ်ပေးမယ့် နိုင်ငံမျိုးမှာ နေချင်မှာ မဟုတ်ပါဘူး။ သင့် ဦးနှောက်၊ သင့် အိုင်ဒီယာ၊ သင့် တန်ဖိုးထားမှုတွေကသာ ဒါကို ဆုံးဖြတ်ပေးတာ ဖြစ်သင့်ပါတယ်။

မီဒီယာက ဦးနှောက်အတွက် "အစားအစာ"နဲ့ တူပါတယ်။ ကျန်းမာစေမယ့် အစာကို စားမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သင်က သင်နဲ့ ထိတွေ့မယ့် မီဒီယာတွေကို ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ အစားအသောက်ကို ရွေးချယ်စားသောက်သလို ပုံစံမျိုးနဲ့ တွေးကြည့်ဖို့ သင့်တယ်လို့ ထင်ပါတယ်။ ဦးနှောက်ကို မှန်ကန်တဲ့ အစားအစာတွေ ကျွေးခြင်းက မသိစိတ်က ဘက်လိုက်ခြင်းတွေကို လျော့ကျစေနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။


(ညွှန်း - www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာသင်ကြားပို့ချချက်) 

Sunday, March 21, 2021

လူသားဆန်မှု ပျောက်ဆုံးခြင်း

ဧပြီလ ၁၅၊ ၁၉၆၄ခုနှစ်မှာ နယူးယောက်တိုင်းမ်သတင်းစာက အောက်ပါ ဖြစ်ရပ်ကို ဖော်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ အယ်ဘန်နီမြို့မှာ လူလေးထောင်လောက် ပါဝင်တဲ့ လူအုပ်ကြီးက ဟိုတယ်တစ်ခုရဲ့ ၁၂ ထပ်ကနေ ခုန်ချပြီးကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်နေတဲ့ ဆယ်ကျော်သက်ကောင်လေးကို အောက်ကနေ "ခုန်ချ၊ ခုန်ချ"လို့ ဝိုင်းအော်နေကြပါတယ်။ အဲဒီကောင်လေးက အယ်လ်ဘန်နီဆေးကုသရေးစင်တာမှာ ကုသမှု ခံယူနေရတဲ့ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်ပါတယ်။ သူက ဘယ်လိုကနေ ဘယ်လို ဟိုတယ် ၁၂ထပ်ရဲ့ အစွန်းကလေးကို ရောက်နေတယ် ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့် လူအုပ်က ကြီးသထက် ကြီးလာပြီး သူ့ကို "လာလေ၊  ငကြောက်လား" "ဘယ်လို ဖြစ်တာလဲ၊ သတ္တိမရှိဘူးလား" စတာတွေ လှမ်းအော်ကြတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ အမျိုးသမီးတစ်ဦးက သူ့မိတ်ဆွေကို "သူ မြန်မြန်ခုန်ချပြီး မြန်မြန်ကိစ္စပြီးပါစေဟယ် ... မဟုတ်ရင် ငါတို့တော့ နောက်ဆုံးဘတ်စ်ကား လွတ်တော့မှာပဲ" လို့ လှမ်းပြောပါတယ်။ လူတွေက အဲဒီကောင်လေးခုန်ချမယ် ခုန်မချဘူး ဆိုတာကို အလောင်းအစားတွေ စတင် လုပ်လာကြပါတယ်။ လူတွေ ဘာကြောင့်ဒီလိုတွေ ပြုမူကြတာပါလိမ့်။

အဲဒီလို ဖြစ်ရပ်မျိုးကို "ပင်ကိုစိတ်ပျောက်ဆုံးခြင်း"လို့ နားလည်လွယ်အောင် ပြန်ယူလို့ ရနိုင်လောက်တဲ့ ဒီအင်ဒီဗစ်ဂျူရေးရှင်း (deindividuation) ဖြစ်ရပ်လို့ ခေါ်ပါတယ်။ စိတ်ပညာရှင် လီယွန်ဖက်စ်တင်ဂါးရဲ့ အဆိုအရ လူတွေကို တစ်ယောက်ချင်းအနေနဲ့ မမြင်တဲ့အချိန်၊ အာရုံမထားတဲ့ အချိန်တွေမှာ ပင်ကိုစိတ်ပျောက်ဆုံးခြင်း ဖြစ်ရပ်တွေ ဖြစ်လာတတ်တယ်လို့ ဆိုပါတယ်။ အုပ်စုတစ်စုထဲကို ရောက်နေသူတွေက တစ်ဦးတစ်ယောက်အနေနဲ့ သိသာထင်ရှားမနေတဲ့အခါ မိမိကိုယ်ကိုယ် ထိန်းချုပ်ထားမှုတွေ လျော့ကျလာပြီး ပုံမှန်အားဖြင့် မလုပ်မယ့် အရာတွေကို လုပ်မိလာကြပါတယ်။ အဲဒါရဲ့ အပြုသဘော ဖြစ်ရပ်တွေက ကခုန်၊ သီဆို၊ ဖျော်ဖြေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါရဲ့ အမှောင်ဘက်ခြမ်း ဖြစ်ရပ်တွေကတော့ အုပ်စုဖွဲ့ နှိပ်စက်သတ်ဖြတ်ခြင်း၊ အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်း၊ ဆူပူမှုဖြစ်ပွားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း စတဲ့ ပုံမှန်အားဖြင့် ထိန်းချုပ်ထားတဲ့ အရာတွေကို လုပ်မိတာတွေ ဖြစ်တယ်လို့  ၁၉၅၂ခုနှစ်က ဖက်စ်တင်းဂါးနဲ့ အခြား စိတ်ပညာရှင် နှစ်ဦးရေးခဲ့တဲ့ ဆောင်းပါးထဲမှာ ဖော်ပြခဲ့ပါတယ်။

၁၉၇၀မှာ စိတ်ပညာရှင် ဖိလစ်ဇင်ဘာဒိုက သူ့ရဲ့ စာတမ်းထဲမှာ ပင်ကိုစိတ်ပျောက်ဆုံးခြင်းကို ပိုမိုဖြစ်စေတဲ့ အချက်တွေက မိမိက အမည်မသိသူ ဆိုတဲ့ အနေအထားမျိုးမှာ ရှိနေခြင်း၊ တာဝန်ရှိမှုတွေ ပြန့်ထွက်နေပြီး မိမိအပြုအမူကို မိမိတာဝန်ယူစရာ မလိုခြင်း၊ လူအုပ် အရွယ်အစား ကြီးမားခြင်းနဲ့ အုပ်စုလိုက် ဆောင်ရွက်မှု ကြားထဲ ရောက်ရှိခြင်း၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ခံရမှု များပြားခြင်း၊ အချိန်ကို နားလည်မှု ပြောင်းလဲခြင်း (လက်ရှိအနေအထားကိုပဲ အာရုံထားပြီး အတိတ်နဲ့ အနာဂတ်က အလွန်ဝေးကွာနေသလို ရှိခြင်း)၊ အာရုံကို လှုံ့ဆော်ခံရမှု လွန်ကဲများပြားခြင်း၊ လုပ်ဆောင်မှုတွေထဲမှာ မိမိကိုယ်တိုင် ပါဝင်နေခြင်း၊ အရက်၊ မူးယစ်ဆေးစတာတွေကြောင့် သိစိတ်အနေအထားပြောင်းလဲခြင်း စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။   

၁၉၉၈ ခုနှစ်မှာ တစ်ခုချင်းစီ လေ့လာခဲ့တဲ့ ဖြစ်ရပ် ၆၀ကို ပြန်စုစည်းသုံးသပ်မှု ပြုလုပ်တဲ့အခါ လူအုပ်ရဲ့ အရွယ်အစားက ဒီလိုအခြေအနေမျိုးကို ဖြစ်စေတယ် ဆိုတဲ့ အချက်က သိသာထင်ရှားစွာ မှန်ကန်နေကြောင်း တွေ့ရှိပါတယ်။ တွေ့ရှိချက်တွေအရ အဲဒီလို ဖြစ်ခြင်းမှာ မိန်းမနဲ့ ယောက်ျား ကွာဟမှု မရှိပါဘူးတဲ့။ ၁၈၈၉နဲ့ ၁၉၄၆ကြားက အာဖရိကန်အမေရိကန်တွေကို လူအုပ်နဲ့ နှိပ်စက်သတ်ဖြတ်တဲ့ ဖြစ်ရပ် ၆၀ကို ပြန်ကြည့်တဲ့အခါ လူအုပ်ပိုကြီးလေ ပိုမိုပြင်းထန်စွာ နှိပ်စက်လေဆိုတာကို တွေ့ကြရပါတယ်။

ဥပမာ ပြောရမယ် ဆိုရင် မေ ၁၅၊ ၁၉၁၆မှာ ၁၇နှစ်သာ ရှိသေးတဲ့ ဂျက်ဆီဝါရှင်တန်ကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဝါကိုမြို့မှာ လူတစ်သောင်းကျော် ပါဝင်တဲ့ လူအုပ်ကြီးက ဝိုင်းဝန်းညှဉ်းပမ်းသတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီလူအုပ်ထဲမှာ မြို့တော်ဝန်၊ ရဲမှူးချုပ်နဲ့ ကလေးတွေလဲ ပါရှိကြပါတယ်။ လူအုပ်ကြီးက ဂျက်ဆီဝါရှင်တန်ကို သင်းကွပ်တယ်၊ လက်ချောင်း ခြေချောင်းတွေ ဖြတ်တယ်၊ မီးပုံအပေါ်မှာ ကြိုးနဲ့ချည်ထားပြီး မီးပုံနဲ့ နီးအောင် ချလိုက်၊ တင်လိုက် ၂နာရီကျော် ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီဖြစ်ရပ်က "ဝါကိုရဲ့ ထိတ်လန့်စရာ အဖြစ်အပျက်"လို့ နာမည်ကြီးခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ စမ်းသပ်ခန်းထဲက လေ့လာမှုတွေအရ မိမိက အမည်မသိသူ ဆိုတဲ့ အနေအထားတစ်ခုတည်းနဲ့တင် ပင်ကိုစိတ်ပျောက်ဖို့ လုံလောက်နိုင်တယ်လို့ တွေ့ခဲ့ပါတယ်။ စမ်းသပ်မှုမှာ မီးအနည်းငယ် မှောင်နေတဲ့ နေရာက လူတွေက မီးအလင်းရောင်ကောင်းကောင်းနဲ့ နေရာက လူတွေထက် ပိုပြီး ခိုးချကြတယ်၊ နေကာမျက်မှန်တပ်ထားသူတွေက ရိုးရိုးမျက်မှန်တပ်ထားတဲ့ သူတွေထက် ပိုပြီး တစ်ကိုယ်ကောင်းဆန်စွာ ပြုမူကြတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သူတို့ စိတ်ထဲမှာ မိမိလုပ်တာတွေကို လူမသိနိုင်တဲ့ အနေအထား ပိုမိုမြင့်မားလာတယ်လို့ ထင်ကြတဲ့အချိန်တွေမှာ အဲဒီလိုတွေ ပြုမူခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပင်ကိုစိတ်ပျောက်ဆုံးခြင်းနဲ့ သက်ဆိုင်တဲ့ စမ်းသပ်ချက်တွေထဲက အထင်ကရ စမ်းသပ်ချက်တစ်ခုက ၁၉၇၁ခုနှစ် သြဂုတ်လမှာ စိတ်ပညာရှင်ဖိလစ်ဇင်ဘာဒို ပြုလုပ်ခဲ့တဲ့ စတန်းဖို့ဒ်ထောင် စမ်းသပ်ချက် ဖြစ်ပါတယ်။ စတင်ပြုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်က အကျဉ်းထောင်က အကျဉ်းထောင်အစောင့်တွေနဲ့ အကျဉ်းသားတွေရဲ့ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာတွေ အပေါ် ဘယ်လိုတွေ သက်ရောက်သလဲ ဆိုတာကို လေ့လာဖို့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ စတန်းဖို့ဒ် တက္ကသိုလ်၊ စိတ်ပညာဋ္ဌာနက မြေအောက်ခန်းကို စမ်းသပ်မှု ပြုလုပ်မယ့် ထောင်အတုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အမေရိကန်နိုင်ငံထဲက ကောလိပ်ကျောင်းသားတွေကို စမ်းသပ်ရာမှာ ပါဝင်ဖို့ ကြော်ငြာဖိတ်ခေါ်ပြီး လျှောက်ထားသူ ၇၀ကျော်ကို စိတ်ပိုင်းဆိုင်ရာ မေးခွန်းလွှာတွေ၊ အင်တာဗျူးတွေနဲ့ စိစစ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ မရှိသူ၊ ကျန်းမာရေး ပြဿနာ မရှိသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း မရှိသူတွေထဲက ကျောင်းသား၂၄ ဦးကို ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံရသူတွေထဲမှာ ဘယ်သူတွေက ထောင်သား၊ ဘယ်သူတွေက ထောင်အစောင့်အဖြစ် သရုပ်ဆောင်ရမလဲ ဆိုတာကို ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ အခန်းတွေကို တကယ့်ထောင်ခန်းတွေနဲ့ တူနိုင်သမျှ တူအောင် ဖန်တီးထားပြီး၊ ထောင်သားဝတ်စုံ၊ ထောင်ဝန်ထမ်းဝတ်စုံတွေနဲ့ ပစ္စည်းကိရိယာတွေကို အစစ်အမှန်နဲ့ အနီးစပ်ဆုံးတူအောင် ထားရှိအသုံးပြုခဲ့ပါတယ်။ ပြင်ဆင်ဖို့အတွက် ကိုယ်တိုင် နှစ်ပေါင်းများစွာ ထောင်ကျခဲ့ဖူးသူ အပါအဝင် ထောင်နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ပြီး အကြံဉာဏ်တွေ တောင်းခံခဲ့ပါတယ်။ စမ်းသပ်မှုတွေကို စောင့်ကြည့်ဖို့ လျှို့ဝှက်ကင်မရာတစ်ခု တပ်ဆင်ထားခဲ့ပါတယ်။ ထောင်အမည်ကို စတင်ဖို့ဒ်ကောင်တီထောင်လို့ နာမည်ပေးပြီး အကျဉ်းသားအတုတွေကိုလဲ နာမည်အစား နံပါတ်တွေကို အသုံးပြု ခေါ်ဝေါ်ခဲ့ပါတယ်။ ကျောင်းသားတစ်ဦးက ထောင်ကြီးကြပ်သူ အဖြစ်သရုပ်ဆောင်ပြီး ဒေါက်တာဇင်ဘာဒိုကိုယ်တိုင်က ထောင်မှူးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ စမ်းသပ်မှု မစခင် တစ်ရက်အလိုမှာ ဒေါက်တာဇင်ဘာဒိုက ထောင်စောင့်လုပ်မယ့် သူတွေကို တွေ့ဆုံပြီး အကျဉ်းသားတွေကို ရိုက်နှက်ခွင့် မရှိကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပျင်းရိငြီးငွေ့အောင်၊ စိတ်ပျက်လက်ပျက် ဖြစ်တဲ့အနေအထားမျိုး၊ ခံပြင်းတဲ့အနေအထားမျိုး ဖြစ်အောင် လုပ်လို့ ရတယ်လို့ ရှင်းပြခဲ့ပါတယ်။ အကျဉ်းသားအဖြစ် သရုပ်ဆောင်ရမယ့် သူတွေကို ရဲတွေရဲ့ အကူအညီနဲ့ အမှန်တကယ် အဖမ်းခံရတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးပါတယ်။ ပြီးတော့ လက်ထိတ်ခတ်၊ မျက်စိတွေကို အဝတ်စည်းပြီး ကျောင်းရဲ့ ထောင်တုထဲကို ခေါ်လာခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပတ်တာ စမ်းသပ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ စမ်းသပ်မှုက ခြောက်ရက်အကြာမှာပဲ ရပ်တန့်ခဲ့ရပါတယ်။

အစောင့်တုတွေက အကျဉ်းသားတုတွေ မိမိကိုယ်ပိုင်နံပါတ်နဲ့ ရင်းနှီးအောင် နံပါတ်အော်ခိုင်းပြီး လူစစ်တဲ့ အလုပ်ကို နေ့စဉ် အကြိမ်ပေါင်းများစွာ လုပ်ကြပါတယ်။ ပထမရက်မှာ အကျဉ်းသားအဖြစ် သရုပ်ဆောင်ရသူတွေက အလေးအနက် မထားကြပါဘူး။ အစောင့်တုတွေ ဘာပြောပြော သူတို့ရဲ့ လွတ်လပ်မှုတွေကို ဆက်လက်ဆုတ်ကိုင်ထားကြပါတယ်။ ဒုတိယရက်မှာ အစောင့်အဖြစ် သရုပ်ဆောင်သူတွေ မျှော်လင့်မထားခဲ့တဲ့ တော်လှန်ပုန်ကန်မှုတွေ စတင်ခဲ့ပါတယ်။ မနက်၁၀နာရီ လူစစ်တဲ့ အချိန်မှာ အခန်း(၁)က အကျဉ်းသားတုတွေက သူတို့ရဲ့ နံပါတ်တွေကို ဖြုတ်ပစ်ပြီး၊ အိပ်ရာတွေနဲ့ တံခါးကို ပိတ်ကာထားတာ တွေ့ရပါတယ်။ သူတို့က အစောင့်တုတွေကို လှောင်ပြောင်သရော်ကြပါတယ်။ အဲဒီအပြုအမူက အစောင့်တုတွေကို အရှက်ရ၊ စိတ်ထိခိုက်စေခဲ့ပါတယ်။ မနက်ပိုင်း တာဝန်ကျတဲ့ အစောင့်တုတွေက အခြားအစောင့်တုတွေကို လှမ်းခေါ်ပါတယ်။ ပြီးတော့ အကျဉ်းသားတုတွေကို ပညာပေးတဲ့ အနေနဲ့ အိပ်ရာတွေကိုဖယ်၊ သူတို့ အဝတ်အစားတွေ အကုန်ချွတ်ပြီး ပိတ်လှောင်ထားလိုက်ပါတယ်။ ပုန်ကန်မှုရဲ့ခေါင်းဆောင်ဖြစ်သူ ၈၆၁၂က အဲဒီလို အပြစ်ပေးခြင်းကို ကျယ်လောင်စွာ အော်ဟစ်ဆန္ဒပြခဲ့ပါတယ်။ တစ်ချိန်မှ အစောင့်က သုံးယောက်ပဲ ရှိတာမို့ လူ ၉ယောက်ကို ထိန်းရတာ မလွယ်ဘူးလို့ စဉ်းစားကြရင်း အစောင့်တုတွေက စိတ်ပိုင်းဆိုင်ရာနဲ့ ချုပ်ကိုင်ဖို့ နည်းလမ်းရှာခဲ့ကြပါတယ်။ အဲဒါက အထူးတန်းအကျဉ်းခန်းတစ်ခု ဖန်တီး၊ ပြောလို့ ဆိုလိုရတဲ့  အကျဉ်းသားတွေကို အဲဒီမှာ ထားပေးပြီး အခြားသူတွေကို မပေးတဲ့ အထူးအခွင့်အရေးတွေ ပေးတဲ့ နည်းလမ်းပါ။ သို့ပေမယ့် အထူးအခွင့်အရေးရတဲ့ အကျဉ်းသားတုက အခြားသူတွေနဲ့ တစ်သားတည်း ဖြစ်ဖို့ သူ့ကို အထူးကျွေးမွေးတဲ့ အစားအသောက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အကျဉ်းသားတုတွေဘက်က နိုင်သလိုလို အနေအထားမှာ ရှိပါတယ်။

အဲဒီအခါမှာ အစောင့်တုတွေက သူတို့ရဲ့ အာဏာနဲ့ ထိန်းချုပ်နိုင်စွမ်းကို စတင်ပြလာကြပါတယ်။ အကျဉ်းသားတုတွေကို ဒိုက်ထိုးခိုင်းတာ၊ အိပ်ထမတင် လုပ်ခိုင်းတာတွေ၊ အဆက်မပြတ် ခုန်ခိုင်းတာတွေကို လုပ်လာပါတယ်။ အရာရာတိုင်းက အစောင့်တုတွေရဲ့ သဘောအပေါ်မှာပဲ မူတည်တဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ ဘာအမှားမှ မလုပ်ဘဲ အပြစ်ပေးခံရတာမျိုးတွေလဲ ရှိလာပါတယ်။ အိမ်သာသွားခွင့်ရခြင်းကတောင် အခွင့်အရေးတစ်ရပ်လို ဖြစ်လာပါတယ်။ ခွင့်မပြုရင် အခန်းထဲက ပုံးမှာပဲ ဆီးရော ဝမ်းပါ သွားရပြီး ပေးမသွန်တဲ့အတွက် တစ်နေကုန် နံစော်ပြီး နေကြရပါတယ်။ အဲဒီအချိန်မှာ ပုန်ကန်မှုရဲ့ခေါင်းဆောင်ဖြစ်သူ ၈၆၁၂က သူ အဲဒီထက်ပို သည်းမခံနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ အဲဒီကနေ ထွက်ချင်တဲ့ အတွက် ခေါင်းကိုက်တယ်၊ ဗိုက်နာတယ် စသဖြင့် စပြီး ပြောလာပါတယ်။ သူ့ကို ထောင်ကြပ်တုက မေးမြန်းစစ်ဆေးပေမယ့် စာနာမှု မရခဲ့ပါဘူး။ သူက အကျဉ်းခန်းတုဘက်ကို ပြန်လာတော့ အခြားအကျဉ်းသားတုတွေကို ဘယ်သူမှ ဒီကနေ ထွက်သွားလို့ မရဘူးလို့ ပြန်ပြောပြပါတယ်။ အဲဒီသတင်းက အခြားအကျဉ်းသားတုတွေ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့ဟာ တကယ်ကို အကျဉ်းသားတွေ ဖြစ်သွားကြပြီလို့ ခံစားခဲ့ကြရပါတယ်။ နောက်ထပ် ပုန်ကန်မှုတွေ မရှိတော့ပါဘူး။ ၈၆၁၂က သူ တခြားနည်းလမ်းနဲ့ ဒီက ထွက်လို့ ရမှာ မဟုတ်ဘူးလို့ တွေးပြီး ရူးသွပ်တဲ့ ပုံစံ၊ အပြုအမူတွေ လုပ်လာတဲ့အတွက် စမ်းသပ်မှု စပြီး ၃၆နာရီ မပြည့်ခင်မှာဘဲ သူ့ကို စမ်းသပ်မှုကနေ ထွက်ဖို့ ခွင့်ပြုလိုက်ရပါတယ်။

တတိယနေ့က မိဘတွေ လာတွေ့ခွင့် ရတဲ့ နေ့ဖြစ်ပါတယ်။ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို တွေ့ရင် မိဘတွေက အကျဉ်းသားတုတွေကို ပြန်ခေါ်သွားမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခန်းတွေကို သန့်ရှင်းရေးလုပ်ထားတာ၊ အကျဉ်းသားတုတွေ မိဘတွေနဲ့ မတွေ့ခင်မှာ ပူနွေးတဲ့ အစားအသောက်တွေ ကျွေးတာ၊ အချိုပွဲတွေ ကျွေးတာ စတာတွေ ပြုလုပ်ပြီး၊ စကားကြာကြာပြောခွင့်မရအောင် ဧည့်တွေ့ချိန်ကို လျှော့လိုက်ပါတယ်။ မိဘတွေ လာချိန်မှာ ကောင်းမွန်စွာ ကြိုဆိုပြီး စာရင်းသွင်းခိုင်းတာ၊ နောက်ခံသီချင်းဖွင့်ထားတာ စတာတွေကို လုပ်ခဲ့ပြီး နာရီဝက်လောက် ထိုင်စောင့်ခိုင်းထားပါတယ်။ မိဘတွေနဲ့ အကျဉ်းသားတုတွေ တွေ့ဆုံစကားပြောချိန်မှာ အစောင့်တုတွေက တောက်လျှောက်ထိုင်နားထောင်နေခဲ့ပြီး စကားပြောချိန်ကို ၁၀မိနစ်ပဲ ပေးခဲ့ပါတယ်။ မိဘတွေ ပြန်သွားတဲ့အချိန်မှာ နှိပ်စက်အနိုင်ကျင့်မှုတွေကို ပြန်လည် စတင်ပါတယ်။ ဒိုက်ထိုးခိုင်းတဲ့ အကြိမ်အရေအတွက်နဲ့ ပြင်းထန်မှုက ပိုမိုမြင့်မားလာပါတယ်။ ခိုင်းစေမှုကလဲ နာရီပေါင်းများစွာအထိ ကြာလာပါတယ်။ အိမ်သာကို လက်ဗလာနဲ့ ဆေးခိုင်းတာ၊ အစောင့်တုတွေရဲ့ ဖိနပ်တွေကို တိုက်ခိုင်းတာမျိုးတွေလဲ လုပ်လာပါတယ်။ အဲဒီအချိန်မှာ အကျဉ်းသားတု နံပါတ်၈၁၉က တစခန်းထလာပါတယ်။ ၆နာရီ လူစစ်ချိန်မှာ မပါဝင်ဘဲ လေ့ကျင့်ခန်း လုပ်ဖို့ ငြင်းဆန်ပါတယ်။ အခန်းထဲမှာ ပိတ်ပြီး သူ့ကိုယ်သူ ကာကွယ်ထားပါတယ်။ ဒါပေမယ့် အစောင့်တုတွေက လူအင်အားသုံး၊ ဆွဲထုတ်ပြီး သူ့ကို အလွန်ကျဉ်းတဲ့ အခန်းကလေးထဲ ထည့်ပိတ်ထားလိုက်ကြပါတယ်။

အဲဒီနောက်မှာ တကယ့်အကျဉ်းထောင်တွေကို သွားနေတဲ့ ဘုန်းတော်ကြီးက သူတို့ အကျဉ်းထောင် ပုံစံက အစစ်နဲ့ ဘယ်လောက်တူသလဲ ဆိုတာ ကြည့်ရှုစစ်ဆေးပေးဖို့ ရောက်လာခဲ့ပါတယ်။ ၈၁၉ ကလွဲလို့ အကျဉ်းသားတုအားလုံး ဘုန်းတော်ကြီးကို လာစကားပြောကြပါတယ်။ အံ့သြစရာကောင်းတာက တစ်ဝက်လောက်က ကိုယ့်ကိုယ်ကိုယ် နာမည်နဲ့ မိတ်မဆက်ကြဘဲ နံပါတ်တွေနဲ့ မိတ်ဆက်ခဲ့ကြပါတယ်။ ဘာကြောင့် ထောင်ကျရသလဲလို့ မေးတဲ့အခါ သူတို့ကို ဖမ်းဆီးစဉ်က ရဲတွေ ပြောခဲ့တဲ့ ပုဒ်မတွေကို ပြန်ပြောကြပါတယ်။ နောက်ဆုံးမှာ ၈၁၉က ဘုန်းတော်ကြီးကို စကားလာပြောပြီး ငိုပါတယ်။ အကျဉ်းသားတုတွေနဲ့ တွေ့ဆုံပြီးစဉ်မှာ ဘုန်းတော်ကြီးက အဲဒီမှာ ဖြစ်နေတာတွေက တကယ့် ထောင်အစစ်မှာ ဖြစ်နေတာနဲ့ အလွန်တူကြောင်း ဒေါက်တာဇင်ဘာဒိုကို ပြောပြပါတယ်။ သူတို့ စကားပြောနေစဉ်မှာ အစောင့်တုတွေက မနက်၁၁နာရီ လူစစ်ခြင်းကို လုပ်နေပါတယ်။ အစောင့်တုတွေက အခြားအကျဉ်းသားတုတွေ အားလုံးကို အကျဉ်းသား ၈၁၉က မကောင်းတာတွေ လုပ်ခဲ့တယ်လို့ အဆက်မပြတ်အော်ခိုင်းပါတယ်။ ဒေါက်တာဇင်ဘာဒိုက အဲဒီအသံတွေကို ကြားတာနဲ့ ၈၁၉ကို အပြေးသွားကြည့်တော့ ၈၁၉က ထိန်းမနိုင်သိမ်းမရ ငိုနေတာကို တေ့ွရပါတယ်။ သူက ငါက မကောင်းတဲ့ အကျဉ်းသား၊ ငါ့ကြောင့် တခြားသူတွေ အပြစ်ပေးခံနေရတယ်လို့ ပြောပါတယ်။ ပထမရက်တွေမှာလို မဟုတ်ဘဲ ကျန်တဲ့ အကျဉ်းသားတွေ အားလုံးက လေသံတစ်ခုတည်း ဖြစ်အောင် ပြောင်းလဲသွားကြပါတယ်။ ၈၁၉ကို ပြန်ချင်ရင် ပြန်လို့ ဒေါက်တာ ဇင်ဘာဒိုက ပြောပေမယ့် သူက ဆက်နေမယ်၊ အခြားအကျဉ်းသားတွေက သူ့ကို လူဆိုးလို့ ထင်နေတဲ့ အချိန်မှာ သူ ထွက်မသွားနိုင်ဘူးလို့ ဆိုပါတယ်။ ဒေါက်တာဇင်ဘာဒိုက ဒါဟာ စမ်းသပ်မှုတစ်ခုသာ ဖြစ်ပြီး တကယ့်အကျဉ်းထောင်အစစ် မဟုတ်ကြောင်း၊ သူကလဲ ကောလိပ်ကျောင်းသားသာ ဖြစ်ပြီး အကျဉ်းသား အစစ် မဟုတ်ကြောင်း သတိပေးတော့မှ ၈၁၉က ဒီစမ်းသပ်မှုကနေ ထွက်မယ်လို့ ဆုံးဖြတ်ပါတယ်။ သူ့ကို အစားထိုးဖို့ စမ်းသပ်မှုမှာ ပါဝင်မယ့် သူ အသစ်တစ်ယောက်ကို ထပ်ထည့်ခဲ့ပါတယ်။ သူ့နံပါတ်က ၄၁၆ပါ။ သူက အစာမစားခြင်းအားဖြင့် စတင် ပုန်ကန်ပါတယ်။ အခြားအကျဉ်းသားတုတွေက အတော်လေး သွေးကွဲနေခဲ့ကြပါပြီ။ သူ့နောက်ကို လိုက်မယ့်အစား သူ့ကို ပြဿနာကောင်လို့ ယူဆနေကြပါတယ်။ အစောင့်တုတွေက သွေးကွဲမှုကို အသုံးချပြီး နှိပ်စက်နည်းအသစ်တွေနဲ့ နှိပ်စက်ပါတယ်။ အခြားသူတွေ ဒိုက်ထိုးချိန်မှာ ၄၁၆ကို သီချင်းဆိုခိုင်းထားတာမျိုးပါ။

အဲဒီအချိန်မှာ အကျဉ်းသားတုတွေက ပုံစံ သုံးမျိုးကွဲသွားပါတယ်။ အဲဒီနေရာက ထွက်ဖို့ ကြိုးစားသူ၊ ပုန်ကန်သူနဲ့ စံပြအကျဉ်းသားဖြစ်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ အများစုက စံပြအကျဉ်းသား ဖြစ်ဖို့ ကြိုးစားနေကြသူတွေပါ။ အစောင့်တုတွေကိုလဲ ပုံစံသုံးမျိုးတွေ့ရပါတယ်။ ကိုယ်ချင်းစာသူ၊ မျှတသူနဲ့၊ ရက်စက်သူတွေ ဖြစ်ကြပါတယ်။ အစောင့်တုတွေက အကျဉ်းထောင်တုကို ထိန်းချုပ်နိုင်ခဲ့ပါပြီ်။ ၄၁၆ ကလွဲလို့ ကျန်သူတွေ အားလုံး သူတို့ပြောသမျှ လိုက်နာအောင် ထိန်းချုပ်နိုင်ပါတယ်။ သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်ဖို့အတွက် အစောင့်တွေက အကျဉ်းသားတွေကို အိမ်ကို စာရေးခိုင်းပါတယ်။ လာတွေ့ဖို့ မလိုကြောင်း၊ သူတို့အားလုံး အဆင်ပြေကြောင်းတွေကို ပါးစပ်က ခေါ်ပေးတဲ့အတိုင်း လိုက်ရေးစေခဲ့တာ နာခံကြပါတယ်။ ညနေမှာ ၄၁၆က နေ့လယ်က ကျန်တဲ့ ဝက်အူချောင်းကို စားဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူ့ကို အခန်းကျဉ်းထဲ ထည့်ပိတ်ထားပြီး သူ အဲဒီဝက်အူချောင်းကို မစားရင် ကျန်တဲ့သူတွေ အားလုံးကို ဧည့်တွေ့ခွင့်မပေးဘူးလို့ ခြိမ်းခြောက်ပါတယ်။ အကျဉ်းသားတုတွေရဲ့ ဒေါသတွေ အားလုံးက ၄၁၆ အပေါ်မှာ စုပြုံကျလာအောင် တမင်လုပ်ခြင်းဖြစ်ပါတယ်။

အဲဒီနောက်မှာ အရက်စက်ဆုံးအစောင့်တုက လူစစ်ပါတယ်။ သူက အကျဉ်းသားတုတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အရှက်ခွဲခြင်း၊ လိင်တူဆက်ဆံမယ်လို့ ခြိမ်းခြောက်ခြင်း၊ ပုံစံမျိုးစုံနဲ့ လမ်းလျှောက်ခိုင်းခြင်း စတာတွေကို ပြုလုပ်ပါတယ်။ အားလုံးထဲမှာ အမိန့်အနာခံဆုံးဖြစ်တဲ့ ၂၀၃၉တောင်မှ မတရားခိုင်းစေနှိပ်စက်ခြင်းတွေကို ခံရပါတယ်။ ဘယ်အကျဉ်းသားတုကမှ အဲဒီလို ပြုမူဆက်ဆံခံရခြင်းတွေကို ငြင်းပယ်ခြင်း မပြုခဲ့ကြပါဘူး။ လူစစ်ပြီးချိန်မှာ ၄၁၆ကို အခန်းကျဉ်းထဲ ပြန်ပိတ်ထားလိုက်ပါတယ်။ သူ စားဖို့ ငြင်းဆန်ခဲ့တဲ့ ဝက်အူချောင်းကလဲ ကြမ်းပေါ်ကျရာက အတော်ပေရေနေခဲ့ပါပြီ။ အဲဒီမှာ လူစစ်တဲ့ အစောင့်တုက အခြားအကျဉ်းသားတုတွေကို သူတို့ရဲ့ ခြုံစောင်တွေကို ပေးမယ် ဆိုရင် ၄၁၆ကို အကျဉ်းခန်းကလေးထဲကနေ လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဘယ်သူကမှ မပေးကြပါဘူး။ အဲဒီလို အနေအထားကို ဒေါက်တာဇင်ဘာဒိုက ဘွဲ့လွန်ကျောင်းသူတစ်ဦးနဲ့ အတူ သူ့အခန်းထဲက တီဗွီနဲ့ ကြည့်နေခဲ့ပါတယ်။ သူနဲ့အတူ ကြည့်နေတဲ့ ကျောင်းသူက ဒေါက်တာဇင်ဘာဒိုကို စမ်းသပ်မှုရဲ့ ရလဒ်တွေက အတော်လေး ဆိုးဝါးနေပြီ၊ စမ်းသပ်မှုကို ရပ်သင့်ပြီလို့ ပြောခဲ့ပါတယ်။ အဲဒီတော့မှ ဒေါက်တာဇင်ဘာဒို အသိစိတ်ဝင်လာပြီး စမ်းသပ်မှုတွေကို ရပ်ပစ်ခဲ့ပါတယ်။

အဲဒီစမ်းသပ်မှုမှာ တွေ့ရတာတွေက အပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေနဲ့လဲ အတော်လေး တူညီနေပါတယ်။ ဥပမာ အမေရိကန်တွေ အီရတ်ကို ဝင်တိုက်စဉ်ကာလမှာ၊ အီရတ်က အာဗူဂရေးအကျဉ်းထောင် အစောင့်တွေက သူတို့လုပ်တာတွေကို လူမသိဘူးလို့ ထင်တဲ့ကာလတွေမှာ အကျဉ်းသားတွေကို အလားတူ နည်းတွေနဲ့ အနိုင်ကျင့်၊ မတရားပြုမူတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။  အဲဒီလို ဖြစ်ရပ်တွေ ထပ်မံ မဖြစ်ပွားဖို့ ရည်ရွယ်ပြီး စတန်းဖို့ဒ်ထောင်စမ်းသပ်မှုကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ Quiet Rage ရုပ်ရှင်ကို အီရတ်သွားနေတဲ့ အမေရိကန်စစ်တပ်က ခေါင်းဆောင်ပိုင်းတွေကို ကြည့်စေခဲ့ပါတယ်။

ဒေါက်တာဇင်ဘာဒိုက တွေ့ရှိချက်တွေ အပေါ်မှာ မူတည်ပြီး "လူကောင်းတွေကို မက်လုံးပေးခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း၊ ဇာတ်သွင်းခြင်းတွေနဲ့ မကောင်းဆိုးဝါးတစ်ကောင်လို ပြုမူအောင် ဆောင်ရွက်လို့ ရပါတယ်။ စတန်းဖို့ဒ်ထောင်စမ်းသပ်မှုကနေ ရလိုက်တဲ့ ရိုးစင်းတဲ့ အဓိက သင်ခန်းစာက အခြေအနေတွေက အရေးကြီးတယ် ဆိုတာပါပဲ။ လူမှုရေးဆိုင်ရာ အခြေအနေတွေက လူတစ်ဦးတစ်ယောက်ချင်းတွေ၊ အုပ်စုတွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေအပေါ်မှာ ကျွန်တော်တို့ ထင်ထားတာတွေထက် ပိုမိုအားကောင်းနက်ရှိုင်းစွာ သက်ရောက်နိုင်စွမ်း ရှိပါတယ်။" လို့ပြောခဲ့ပါတယ်။

 Wesleyan တက္ကသိုလ်က လူမှုရေးစိတ်ပညာသင်ကြားပို့ချသူ ပရော်ဖက်ဆာစကော့ပလောက်စ်က "လူမှုရေးစိတ်ပညာရဲ့ စိတ်မသက်သာစရာ အမှန်တရားက "အခြေအနေ"ဆိုတဲ့အချက်က လူတွေရဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေကို ပယ်ဖျက်ပြီး လူကောင်းတွေကို မကောင်းတာတွေ လုပ်စေနိုင်တယ်"လို့ ဆိုခဲ့ပါတယ်။

လူကောင်းတွေကနေ မကောင်းဆိုးဝါးတွေ ဖြစ်သွားခြင်းကို ဒေါက်တာဇင်ဘာဒိုက လူစီဖာအဖက် (Lucifer effect) လို့ ခေါ်ပါတယ်။ ကောင်းမွန်တဲ့ နတ်တစ်ပါးကနေ စေတန်ဖြစ်သွားခဲ့တဲ့ လူစီဖာနတ်သားကို အစွဲပြုပြီး ခေါ်ခြင်းဖြစ်ပါတယ်။ ဒေါက်တာဇင်ဘာဒိုက အဲဒီတွေ့ရှိချက်တွေကို လူအများ သိနားလည်အောင် ပြုလုပ်ခြင်းကို "အမှောင်တွေကို မြင်သာအောင် ဆောင်ရွက်တဲ့ ကျွန်တော့်ရဲ့ ခရီးလမ်း"လို့ တင်စားထားပြီး အဲဒီခရီးလမ်းကို သူနဲ့ အတူ ပါဝင်လျှောက်လှမ်းကြဖို့ သူ့ရဲ့ လူစီဖာအဖက် အင်တာနက်စာမျက်နှာမှာ ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။



(ညွှန်း - www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာသင်ကြားပို့ချချက်၊
www.lucifereffect.com)

နာခံခြင်းများ၏ နောက်ကွယ်

၁၉၆၀ခုနှစ်ပိုင်းတွေမှာ အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံပေါင်းများစွာက အမိန့်အာဏာတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းတွေ ထုတ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ စိတ်ရောဂါအထူးကု ဆရာဝန် ချားလ်စ်ဟော့ဖလင်းနဲ့ အဖွဲ့ရဲ့ လေ့လာမှုကနေ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလှတဲ့ တွေ့ရှိချက် ထွက်လာခဲ့ပါတယ်။ အဲဒါက ဆေးရုံလို နေရာမျိုးမှာ လူတွေက အမိန့်အာဏာတွေကို ပြန်လှန်မေးခွန်း မထုတ်ဘူး ဆိုရင် သေစေတဲ့အထိ ဖြစ်နိုင်ကြောင်းပါ။

သူနာပြု ၂၂ ယောက်က ဘယ်သူမှန်း မသိတဲ့ ဆရာဝန်တစ်ယောက်ထံက၊ အက်စထရိုတန်လို့ ခေါ်တဲ့ ဘာမှန်းမသိတဲ့ ဆေးဝါးတစ်ခုကို၊ ပုံမှန်ပေးရမယ့် ပမာဏထက် နှစ်ဆ ပေးဖို့ ဖုန်းနဲ့ ညွှန်ကြားခြင်းခံခဲ့ကြပါတယ်။ ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရ ဆရာဝန် ဘယ်သူလဲ ဆိုတာ သိရင်တောင်၊ ခွင့်ပြုချက် မရှိတဲ့ ဆေးဝါးတွေကို ပုံမှန်ပမာဏလည်း ပေးခွင့် မရှိပါဘူး။ သို့ပေမဲ့ အဲဒီလို ဖုန်းနဲ့ ပြောတာကို သူနာပြု ၂၂ယောက်မှာ ၂၁ယောက်က လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီဆေးဝါးက  စမ်းသပ်ဖို့ သက်သက် လုပ်ထားတဲ့ဆေး ဖြစ်ပြီး၊ တကယ့်ဆေးအစစ် မဟုတ်တဲ့ အတွက် ဘယ်သူမှ အန္တရာယ် မရှိခဲ့ကြပါဘူး။ အဲဒီလေ့လာမှုရဲ့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းက အခြား သူနာပြု ၁၂ဦးနဲ့ သူနာပြု ကျောင်းသား၊ ကျောင်းသူ ၂၁ဦးကို အဲဒီအနေအထားကို ပြောပြပြီး သူတို့သာဆိုရင် ဘယ်လို လုပ်မလဲလို့ မေးခဲ့ပါတယ်။ သူနာပြုထဲက ၁၀ဦးနဲ့ ကျောင်းသား၊ ကျောင်းသူ ၂၁ဦး စလုံးက သူတို့ကို အဲဒီလိုပြောရင် ငြင်းမှာပဲလို့ ဆိုကြပါတယ်။ ရလဒ်ရဲ့ တစ်ဖက်က အလွန်အမင်း နာခံခြင်းနဲ့၊ ကျန်တစ်ဖက်က မိမိရဲ့ နာခံလွယ်မှု အနေအထားကို လျှော့တွက်ထားခြင်း ဖြစ်ပါတယ်။ အဲဒီနှစ်ခုရဲ့ ပေါင်းစပ်ခြင်းက အလွန်ကို အန္တရာယ် ရှိပါတယ်။  


နာခံခြင်းသက်သက်က အမှား မရှိပါဘူး။ ဆရာဝန်ရဲ့ အမိန့်ကို နာခံခြင်းက ဘာမှ မမှားပါဘူး။ မှားတာက မေးခွန်းထုတ်ခြင်း မပြုဘဲ မျက်ကန်းနာခံခြင်း ဖြစ်ပါတယ်။ အဲဒါက ဆေးလောက တစ်ခုတည်းမှာတင် အန္တရာယ် ရှိတာ မဟုတ်ပါဘူး။ ၂၀၀၀ခုနှစ်မှာ အာ့ဘရိဖ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းခွင်မှာ နာခံလွယ်ခြင်းကနေ လူမျိုးရေး ခွဲခြားမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း လေ့လာတေ့ွရှိခဲ့ကြပါတယ်။ လေ့လာမှုမှာ အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်နေရာမှာ ခန့်မယ့်သူတွေကို စိစစ်ရွေးချယ်ပေးဖို့ ကောလိပ်ကျောင်းသူ၊ ကျောင်းသားတွေကို တာဝန်ပေးခဲ့ပါတယ်။ ကျောင်းသား၊ကျောင်းသူ တစ်ဝက်ထံကို ကုမ္ပဏီရဲ့ ဥက္ကဌထံကလို့ ယူဆရအောင် ရေးထားတဲ့ စာအတုတွေ ပေးခဲ့ပါတယ်။ အဲဒီစာထဲမှာ ရွေးချယ်ခံရသူတွေက သူတို့နဲ့ ဝိသေသလက္ခဏာချင်းတူတဲ့ လူထုကိုပဲ ဦးတည်အရောင်းမြှင့်တင်ရမှာ ဖြစ်တဲ့အတွက်၊ လူနည်းစု အုပ်စုဝင်တွေကို မရွေးချယ်ဖို့ ပြောထားပါတယ်။ အဲဒီစာကို ရတဲ့ ကျောင်းသူ၊ကျောင်းသားတွေက၊ စာမရတဲ့ ကျောင်းသူ၊ကျောင်းသားတွေထက် လူမည်းတွေကို ရွေးချယ်တာ တစ်ဝက်မက လျော့နည်းခဲ့ပါတယ်။ ကျောင်းသူ၊ကျောင်းသားတွေ ဆိုတာ ပုံမှန်အားဖြင့် အမိန့်နာခံလွယ်လှတဲ့ အုပ်စုဝင်တွေ မဟုတ်ဘူးလို့ ယူဆခဲ့ကြပေမယ့် သက်ရောက်မှုက မြင်သာထင်ရှားပါတယ်။


နာခံလွယ်မှုတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေထဲမှာ နာမည်ကြီးလှတဲ့ သုတေသီက လူမှုရေးစိတ်ပညာရှင် စတန်လီမေလ်ဂရန် ဖြစ်ပါတယ်။ မေလ ၁၉၆၂ခုနှစ်မှာ မေလ်ဂရန်စမ်းသပ်မှုလို့ နာမည်ကြီးလာမယ့်၊ နာခံလွယ်မှုနဲ့ ပတ်သက်တဲ့ စမ်းသပ်လေ့လာမှုကို ယေးလ်တက္ကသိုလ်ရဲ့ စမ်းသပ်ခန်းကြီးထဲမှာ စတင် ပြုလုပ်ခဲ့ပါတယ်။ ပါဝင်သူတွေက အသက် ၂၀နဲ့ ၅၀ ကြားမှာ ရှိတဲ့ အမျိုးသားတွေ ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံ၊ ကော်နက်တီကပ်ပြည်နယ်၊ ဂရိတ်တားနယူးဟဲဗင် ဒေသမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ကို သတင်းစာကနေ ကြော်ငြာပြီး ခေါ်သလို၊ တိုက်ရိုက် စာပို့ပြီး ပါဝင်ဖို့ အကြောင်းကြားတာမျိုးတွေလဲ လုပ်ခဲ့ပါတယ်။ ပါဝင်သူတွေရဲ့ အလုပ်အကိုင်က ကော်ပိုရေးရှင်းရဲ့ ဥက္ကဌလို နေရာမျိုးကနေ ရေပိုက်ပြင်သမားအထိ ပါဝင်ပါတယ်။ ပညာအရည်အချင်းကလဲ မူလတန်း မအောင်သူတွေကနေ ပါရဂူဘွဲ့ ကျောင်းသားတွေ အထိ ပါပါတယ်။ ပါဝင်သူတွေကို စမ်းသပ်မှု ပြုလုပ်ရခြင်း အကြောင်းကို အမှန်အတိုင်း မပြောဘဲ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ စိတ်ပညာ စမ်းသပ်မှု ဖြစ်တယ်လို့ မုသားသုံးခဲ့ပါတယ်။ သင်ကြားမှုနဲ့ သင်ယူမှုသီအိုရီတွေထဲက တစ်ခုက လူတွေကို အမှားလုပ်တိုင်း အပြစ်ပေးခြင်းက၊ မှန်ကန်စွာ သင်ယူမှုကို ဖြစ်စေနိုင်ကြောင်း၊ အဲဒီသီအိုရီကို အသုံးချတဲ့ ရိုးစင်းတဲ့ နည်းလမ်းက မိဘတွေက ကလေးတွေကို ရိုက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ စမ်းသပ်မှုမှာ အသက်အရွယ်၊ အလုပ်အကိုင် အမျိုးမျိုးက လူအချို့ကို ဆရာ၊ အချို့ကို ကျောင်းသား အဖြစ် နေရာချပြီး အပြစ်ပေးခြင်းက သင်ယူမှု အပေါ် သက်ရောက်ခြင်းတွေကို လေ့လာမှာ ဖြစ်ကြောင်း လှည့်စား ရှင်းပြခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာနဲ့ ကျောင်းသား နေရာအတွက် မဲနှိုက်ပြီး ရွေးသလို ပြုလုပ်ပြပေမယ့်၊ စမ်းသပ်မှုမှာ ပါဝင်သူတွေ အားလုံးက ဆရာအဖြစ်သာ ပါဝင်ကြရပြီး၊ ကျောင်းသားက ငှားထားတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။


ဆရာအဖြစ် ပါဝင်ရမယ့် သူကို လျှပ်စစ်ရှော့ခ် ပေးရမယ့် စက်ကို ပြပြီး၊ ကျောင်းသားအဖြစ် သရုပ်ဆောင်သူရဲ့ လက်မှာ အဲဒီစက်နဲ့ ဆက်ထားတဲ့ အီလက်ထရုတ်(electrode)ကို တပ်ဆင်ပြခဲ့ပါတယ်။ ကျောင်းသားအဖြစ်သရုပ်ဆောင်သူက သူ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က နှလုံးရောဂါနဲ့ ဆေးရုံတက်ခဲ့ဖူးကြောင်း၊ ဒါပေမယ့် ဆိုးဆိုးရွားရွားတော့ မဟုတ်ကြောင်း ပြောပြပြီး ဒီလျှပ်စစ်ရှော့ခ်တွေက ဘယ်လောက် အန္တရာယ်ရှိနိုင်သလဲလို့ ဆရာအဖြစ်ပါဝင်သူ ရှေ့မှာ မေးပါတယ်။ သုတေသီအဖြစ် ပါဝင်သူက နာတော့နာမယ်၊ ဒါပေမယ့် အန္တရာယ် မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ကျောင်းသားကို အခန်းတစ်ခုထဲမှာ ထည့်ပိတ်ထားတာမို့ အပြင်ကနေ မမြင်ရပါဘူး။ ဆရာအဖြစ်ပါဝင်သူက အပြင်ကနေ စာလုံးအတွဲတွေကို ဖတ်ပြပြီး ကျောင်းသားကို အဲဒါတွေ မှတ်သားစေပါတယ်။ နောက်တစ်ကြိမ် ဆရာ ဖတ်ပြတဲ့ အချိန်မှာ အတွဲတွေရဲ့ တစ်ပိုင်းကိုပဲ ဖတ်ပြပြီး ကျန်တဲ့ အပိုင်းကို စကားလုံးလေးခုထဲက တစ်ခု ရွေးစေမှာ ဖြစ်ပါတယ်။ ကျောင်းသားက ပေးထားတဲ့ ခလုတ်လေးခုကနေ အမှန်စာလုံးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - ပထမပိုင်းမှာ ဆရာက အပြာရောင် - မိန်းကလေး လို့ ဖတ်သွားပြီး၊ ဒုတိယပိုင်းမှာ ဆရာက အပြာရောင် - ယောက်ျားလေး၊ မိန်းကလေး၊ မြက်ခင်း၊ ဦးထုပ် စသဖြင့် ဖတ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းသားက အဖြေမှန်အတွက် နံပါတ်နှစ် ခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဖြေမှားတိုင်းမှာ ဆရာက သူသုံးမယ့် ဗို့အားကို ပါးစပ်ကပြော၊ အဲဒီဗို့အားခလုတ်ကို နှိပ်ပြီး ကျောင်းသားကို အပြစ်ပေးရမှာ ဖြစ်ပါတယ်။ ပထမဆုံး အကြိမ် မှားချိန်မှာ ၁၅ဗို့ စပေးပြီး၊ ထပ်မှားတိုင်း ဗို့အားတွေကို တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။


စမ်းသပ်မှုမှာ၊ ၁၀၅ဗို့လောက် ရောက်တဲ့ အချိန်တွေမှာ ကျောင်းသားအဖြစ်သရုပ်ဆောင်သူထံက အော်ဟစ်သံတွေကြောင့် ဆရာအဖြစ်ပါဝင်သူတွေက မသေမချာ ဖြစ်လာကြပါတယ်။ သို့ပေမယ့် သုတေသီက ဆက်လုပ်ပါလို့ ပြောရင် ဆက်လုပ်ကြပါတယ်။ ဗို့အား ၁၅၀မှာ ကျောင်းသားအဖြစ်သရုပ်ဆောင်သူထံက "ငါ့မှာ နှလုံးရောဂါ ရှိတယ်လို့ ပြောထားတယ် မဟုတ်လား။ အခု ငါ့နှလုံးက ငါ့ကို ဒုက္ခပေးနေပြီ၊ ဒီကနေ ပေးထွက်ပါတော့၊ ဒီစမ်းသပ်ချက်မှာ မပါချင်တော့ဘူး"ဆိုတဲ့ အော်သံ ထွက်လာပါတယ်။ အဲဒီလို အခြေအနေမှာ ဆရာ အဖြစ်ပါဝင်သူတွေထံက ဆက်မလုပ်ချင်တော့ဘူးလို့ ငြင်းပယ်မှုတွေ၊ မေးခွန်းထုတ်မှုတွေ ရှိလာပေမယ့် ဘေးက သုတေသီက ဆက်လုပ်ပါ၊ ဒီစမ်းသပ်ချက်မှာ သင် ဆက်လုပ်နေဖို့ လိုအပ်တယ်လို့ ပြောရင် အများစုက ဆက်လုပ်ကြတာကို တွေ့ရပါတယ်။ အဲဒီစမ်းသပ်မှုမှာ ဆရာအဖြစ်ပါဝင်သူ ၅၀% က ကျောင်းသားအဖြစ်သရုပ်ဆောင်သူကို အမြင့်ဆုံး ဗို့အားဖြစ်တဲ့ ၄၅၀ဗို့ အထိ ပေးပြီး အပြစ်ပေးခဲ့ကြတယ်လို့ တွေ့ရပါတယ်။


စမ်းသပ်မှု ပြီးဆုံးချိန်မှာ ဆရာအဖြစ်ပါဝင်သူတွေကို စမ်းသပ်ခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်နဲ့ ဘယ်သူမှ ထိခိုက်မှု မရှိကြောင်းတွေကို ပြောပြပေးပါတယ်။ အလားတူ စမ်းသပ်ချက်ကို ကျောင်းသားအဖြစ် သရုပ်ဆောင်သူနဲ့ ဆရာအဖြစ် ပါဝင်သူတွေကို ခပ်နီးနီးမှာ ထားပြီး ဆောင်ရွက်ကြည့်တဲ့အခါ၊ သူတို့နှစ်ဦး ပိုမိုနီးကပ်စွာ ရှိနေခြင်း၊ တစ်ဦးကို တစ်ဦး မြင်နေရခြင်းတွေက၊ နာခံလွယ်မှုကို သိသာစွာ လျော့ကျသွားစေကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် သုတေသီနဲ့ ဆရာအဖြစ်ပါဝင်သူတွေ နီးကပ်စွာ ရှိခြင်း၊ ဝေးကွာစွာ ရှိခြင်းတွေလဲ များစွာ သက်ရောက်ကြောင်း တွေ့ရှိရပါတယ်။  သုတေသီအဖြစ် ပါဝင်သူ အခန်းထဲမှာ လူကိုယ်တိုင် ရှိမနေဘဲ တယ်လီဖုန်းနဲ့ ညွှန်ကြားတာ၊ အသံသွင်းတိတ်ခွေနဲ့ ညွှန်ကြားတာတွေက နာခံလွယ်မှုတွေကို သိသာထင်ရှားစွာ ကျဆင်းစေခဲ့ပါတယ်။ ဆရာအဖြစ်ပါဝင်မယ့် သရုပ်ဆောင်တစ်ဦး၊ နှစ်ဦးကို ထပ်ဖြည့်ပြီး စမ်းသပ်ကြည့်တဲ့ အခါ၊ ဘေးမှာ ရှိနေတဲ့ အခြားဆရာတွေရဲ့ အပြုအမူတွေက စမ်းသပ်ခံ ဆရာရဲ့ အပြုအမူကို များစွာ သက်ရောက်မှု ရှိကြောင်း တွေ့ရှိရပါတယ်။ ယေးလ်တက္ကသိုလ်နဲ့ ဆက်စပ်မှုကို မသိစေဘဲ၊ အခြားတစ်နေရာမှာ စမ်းသပ်မှုကို ပြုလုပ်ကြည့်တော့လဲ နာခံမှု အတိုင်းအတာက ကွာခြားမှု မရှိဘူးလို့ တွေ့ရပါတယ်။


စတန်လီမေလ်ဂရန်ရဲ့ မိဘတွေက နိုင်ငံရွှေ့ပြောင်းလာရတဲ့ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ မေလ်ဂရန်က ဒီစမ်းသပ်ချက်ကို ဂျူးလူမျိုးတွေကို နာဇီတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေကို စဉ်းစားပြီး ဒီဇိုင်း ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ရဲ့တွေ့ရှိချက်တွေ မထွက်ပေါ်ခင်ကာလက လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဆိုတာ ဂျာမန်လူမျိုးတွေသာ လုပ်နိုင်တဲ့ အလုပ်လို့ ထင်ခဲ့ကြပါတယ်။ မေလ်ဂရန်ရဲ့ စမ်းသပ်မှုမှာ အမေရိကန်လူမျိုးတွေထဲက အကြင်နာဆုံး နှလုံးသား ရှိသူတွေတောင် အခြားသူတွေ အပေါ်မှာ အလွန်ကို ရက်စက်တဲ့ အပြုအမူတွေကို အမိန့်အရ ပြုလုပ်နိုင်စွမ်း ရှိကြောင်း အံ့သြစွာ တွေ့ရှိခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံမှာ ပုံတူ စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အခါမှာ နာခံလွယ်မှု အနေအထားက မေလ်ဂရန်ရဲ့ တွေ့ရှိချက်နဲ့ မကွာခြားခဲ့ပါဘူး။   


ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်နဲ့ စမ်းသပ်ခန်းထဲမှာ စမ်းသပ်မှုက အလွန် ကွာခြားတယ်ဆိုတာကို မေလ်ဂရန်က သတိပြုမိပါတယ်။ ဒါက မီးခြစ်ဆံမှာ လောင်ကျွမ်းနေတဲ့ မီးနဲ့ ၁၈၇၁ ချီကာဂိုမြို့မှာ ကြုံခဲ့ရတဲ့ သမိုင်းဝင် မီးလောင်ကျွမ်းမှု ကွာခြားသလို ကွာခြားပါတယ်၊ သို့ပေမယ့် အခြေခံလောင်ကျွမ်းမှုဖြစ်စဉ်ချင်း တူကြသလို၊ သူ့စမ်းသပ်ခန်းထဲက တွေ့ရှိချက်နဲ့ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေမှာ တူညီတဲ့ အခြေခံအချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒါက အာဏာရှိသူတစ်ဦးက တစ်စုံတစ်ယောက်ကို အမိန့်ပေးပြီး အခြားသူတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိတယ်၊ ယုတ်မာရက်စက်မှုတွေကိုတောင်မှ ခိုင်းစေလို့ ရတယ် ဆိုတာပါပဲတဲ့။


၂၀၀၈ခုနှစ်မှာ မေလ်ဂရန် စမ်းသပ်မှုတွေကို ပြန်လည်စုပေါင်းသုံးသပ်ကြည့်ခဲ့ပါတယ်။ အဲဒီမှာ ၁၅၀ဗို့ကို ရောက်ချိန်မှာ ဆရာအဖြစ်ပါဝင်သူတွေက သူတို့ရဲ့ အပြစ်ပေးမှုတွေကို ရပ်တန့်လေ့ရှိကြတာ တွေ့ရပါတယ်။ အဲဒီအဆင့်မှာ မရပ်သူတွေထဲက ၈၀%နီးပါးက ကျောင်းသားအဖြစ်သရုပ်ဆောင်သူကို အမြင့်ဆုံး ဗို့အထိ ဆက်ပေးကြကြောင်း တွေ့ရပါတယ်။ အဲဒီလို ဆောင်ရွက်မှုက မိန်းမ၊ ယောက်ျား၊ နေထိုင်တဲ့ နိုင်ငံ၊ အသက်အရွယ်၊ ပင်ကိုစရိုက်တွေပေါ် မူတည်ပြီး ကွဲပြားမှု မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ စုစုပေါင်း လူ၈၀၀ ပတ်ဝန်းကျင် ပါဝင်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ ကျောင်းသားအဖြစ် သရုပ်ဆောင်သူ လုံး၀ အသံတိတ်ငြိမ်သက်သွားပြီးတဲ့နောက်မှာ၊ အဲဒီလူ နှလုံးအတက်ခ်များ ရသွားပြီလား၊ အကူအညီလိုတဲ့ အနေအထား ရောက်နေပြီလားလို့ သွားရောက်စစ်ဆေးသူ တစ်ယောက်တောင် မရှိခဲ့ပါဘူးတဲ့။  


အခုအချိန်မှာ သုတေသနကျင့်ဝတ်စည်းမျဉ်းတွေ ပြောင်းလဲခဲ့ပြီမို့ အဲဒီသုတေသနတွေကို မေလ်ဂရန် လုပ်ခဲ့သလို လုပ်လို့ မရတော့ပါဘူး။ သို့ပေမယ့် ဖြစ်နိုင်တဲ့ အနေအထားနဲ့ ပြောင်းလဲပြုပြင်ပြီး မေလ်ဂရန်စမ်းသပ်ချက်တွေကို ပုံတူပွား ပြုလုပ်ခဲ့ကြပါတယ်။ နာခံလွယ်မှု အတိုင်းအတာက ဒီဘက်ခေတ်တွေမှာ ပြောင်းလဲနေပြီလားလို့ စိတ်ပညာရှင်တွေက သိချင်ခဲ့ကြတာပါ။ ဒါပေမယ့် နာခံလွယ်မှုတွေက အဲဒီအတိုင်း မပြောင်းမလဲ ရှိသေးကြောင်းကို စိတ်မသက်သာစွာနဲ့ ဆက်လက် တွေ့ရှိခဲ့ကြပါတယ်။ "ကျွန်တော်/ကျွန်မက ခိုင်းတဲ့အတိုင်း လုပ်တာပဲ" "ကျွန်တော်/ကျွန်မမှာ တာဝန် မရှိဘူး" ဆိုတာတွေကိုလဲ ကြားနေကြရဆဲပါ။


စတန်လီမေလ်ဂရန်က သူ့ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အခုလို ကောက်ချက်ချခဲ့ပါတယ်။ "ကျွန်တော်တို့ စမ်းသပ်လေ့လာမှုရဲ့ အခြေခံအကျဆုံး တွေ့ရှိချက်က သာမန်လူတွေဟာ မိမိအလုပ်ကို မိမိ လုပ်ရင်း၊ ရန်လိုစိတ် တစ်စုံတစ်ရာ မရှိဘဲ၊ အလွန်ဆိုးရွားလှတဲ့ ဖျက်ဆီးမှု ဖြစ်စဉ်ကို ကိုယ်စားဆောင်ရွက်ပေးသူတွေ ဖြစ်သွားနိုင်ခြင်းပါ" တဲ့။


Wesleyan တက္ကသိုလ်က လူမှုရေးစိတ်ပညာသင်ကြားပို့ချသူ ပရော်ဖက်ဆာစကော့ပလောက်စ်က "သာမန်လူတွေက အမိန့်အရ၊ မိမိ မသိသူတွေကို သတ်ဖြတ်နိုင်၊ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်တယ် ဆိုတဲ့ စတန်လီမေလ်ဂရန်ရဲ့ ပြောဆိုချက် မှန်ခဲ့ရင်၊ ကျွန်တော်တို့ ဒီအချက်တွေကို ဂရုမထားဘဲနေကြရင်၊ တစ်ချိန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးတွေ ပြန်လည်ပေါ်ပေါက်လာနိုင်တယ်"လို့ သတိပေး ပြောဆိုခဲ့ပါတယ်။


စတန်လီမေလ်ဂရန်က ၁၉၈၄ခုနှစ်၊ အသက် ၅၁နှစ် အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သို့ပေမယ့် သူ ထားခဲ့တဲ့ သုတေသနအမွေအနှစ်တွေကတော့ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပါတယ်။ 


(Ref: www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာသင်ကြားပို့ချချက်)


Sunday, January 3, 2021

မသန်စွမ်းခြင်းရဲ့ အဓိပ္ပာယ်

 Font အခက်အခဲကြောင့် ဓာတ်ပုံတွေပဲ တင်ပေးလိုက်ပါတယ်။ 


















Thursday, December 17, 2020

ကြေးမုံပြင်လို နားထောင်ဆွေးနွေးခြင်း

 အင်္ဂလိပ်ဘာသာနဲ့ Counseling ဆိုတဲ့ စကားလုံးကို  မြန်မာစာ အဖွဲ့က ထုတ်ဝေတဲ့ အဘိဓာန်ထဲမှာ “(ကျွမ်းကျင်သူတို့၏ ) ဆွေးနွေးလမ်းညွှန်မှု”လို့ တွေ့ရပါတယ်။ အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းခွင်ထဲမှာ ရှိစဉ်က  “နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း”လို့ ဘာသာပြန်တာ တွေ့ဖူးပါတယ်။ အဲဒီလို ဘာသာပြန်ခြင်းက မှားတယ်၊ တကယ်က အကြံပေးတာ မဟုတ်ဘူးလို့ ထောက်ပြ ပြောဆိုသူတွေ ရှိပေမယ့် ဘယ်အရာက မှန်တယ်ဆိုတာကို နားလည် သဘောပေါက်အောင် ရှင်းပြခြင်း၊ မှန်ကန်တဲ့ စကားလုံးကို လမ်းညွှန်ပေးခြင်းတွေ မရှိခဲ့ပါဘူး။ အဲဒါကြောင့် မြန်မာဘာသာနဲ့ နားလည်အောင် ရှင်းပြရာမှာ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း၊ ဒါမှမဟုတ် အကြံပြုခြင်းလို့ပဲ ကျွန်မတို့ ဆက်သုံးခဲ့ကြပါတယ်။ ကောင်ဆယ်လင်းလို့ အသံထွက်တဲ့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုကို တက်ခွင့်ရတဲ့ အခါမှာ အဲဒါက ကောင်ဆယ်လင်း လုပ်သူ ကောင်ဆယ်လာ( Counselor)က ကောင်ဆယ်လင်း ရယူသူ(Client)ကို ရွေးစရာတွေ ချပေးတာလို့ အနည်းငယ် သိရှိသဘောပေါက်လာပါတယ်။ ဒါပေမယ့် ဘယ်လို ရွေးစရာပေးတာလဲ၊ ဘယ်လို ပုံစံနဲ့ ပေးတာလဲ ဆိုတာကိုတော့ နှစ်အတန်ကြာအောင် သဘောမပေါက်ခဲ့ပါဘူး။ 

မကြာသေးခင်က တက်ခွင့်ရခဲ့တဲ့ အခြေခံ စိတ်ကျန်းမာရေး သင်တန်းအရ စိတ်ကျန်းမာရေးအတွက် ကောင်ဆယ်လာဆိုတာ ကောင်ဆယ်လင်း ရယူသူကို ကြည့်မှန်တစ်ချပ်လို မိမိအနေအထားကို မိမိဖာသာ မြင်လာအောင် ဆောင်ရွက်ပေးသူလို့ သဘောပေါက်လာခဲ့ပါတယ်။ ကောင်ဆယ်လာတစ်ယောက် လုံး၀ မလုပ်ရမယ့် အလုပ်က အကြံပေးတာ၊ ဒါမှမဟုတ်၊ အကြံပြုတာ ဖြစ်ကြောင်း သိလာရတဲ့အခါ “နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း”ဆိုတဲ့ စကားလုံးက အလွန်ကို လွဲချော်မှားယွင်းနေကြောင်း သဘောပေါက်လာခဲ့ပါတယ်။ 

ကျွန်မရဲ့ နားလည်မှု အသစ်အပေါ်မှာ အခြေခံပြီး ကောင်ဆယ်လင်းကို “ကြေးမုံပြင်လို နားထောင်ဆွေးနွေးခြင်း”လို့ အမည်ပေးချင်ပါတယ်။ ဒါပေမယ့် ဒါက လုပ်ငန်းခွင်ထဲမှာ အလုပ်ဖြစ်မယ့် စကားလုံးတော့ မဟုတ်ပါဘူး။ ကောင်ဆယ်လာရဲ့ အခန်းဝမှာ “ကြေးမုံပြင်လို နားထောင်ဆွေးနွေးသူရဲ့ အခန်း”ဆိုတဲ့ ဆိုင်းဘုတ်ကို စိတ်ထဲမှာ မြင်ယောင်ကြည့်တော့ အတော်လေး အဆင်မပြေပါဘူး။ ကောင်ဆယ်လင်းအတွက် လာရောက်သူကို “ကြေးမုံပြင်လို နားထောင်ဆွေးနွေးမှုကို ခံယူမယ့် သူတွေ”လို့ ခေါ်ရတာလဲ အတော်ကို အူကြောင်ကြောင်နိုင်မယ့် ကိစ္စပါ။ ဒါကြောင့် ပိုမိုကောင်းမွန်၊ မှန်ကန်ပြီး အသုံးတည့်မယ့် ဘာသာပြန် စကားလုံး ထွက်ပေါ်လာခြင်း မရှိခဲ့ရင် သဘောတရားကို နားလည်ပြီးတဲ့ နောက်ပိုင်းမှာ အသံထွက်ကို တိုက်ရိုက်မွေးစားပြီး ခေါ်တာပဲ ကောင်းမယ်လို့ ထင်ပါတယ်။ (ဒီဆောင်းပါးမှာ ဥပဒေပိုင်း၊ နိုင်ငံရေးပိုင်းနဲ့ ဆိုင်တဲ့ ကောင်ဆယ်လာတွေကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပါဘူး။)

နိုင်ငံကြီးတွေမှာ စိတ်ပညာနဲ့ ပတ်သက်တဲ့ ကောင်ဆယ်လာ လိုင်စင်ကို ရယူဖို့အတွက် အနည်းဆုံး စိတ်ပညာ မဟာဘွဲ့ အထိ ရရှိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အခြားကောင်ဆယ်လင်းနယ်ပယ်တွေအတွက်လဲ သက်ဆိုင်ရာ မဟာဘွဲ့တွေ၊ အထူးပြုဘွဲ့တွေ လိုအပ်ပါသတဲ့။ ကျွန်မတို့ နိုင်ငံမှာ အဲဒီလို အနေအထားတွေမှာမှ ကောင်ဆယ်လင်း လုပ်ခွင့်ရမယ်ဆိုရင် ကောင်ဆယ်လာ မရှိသလောက် နီးပါးဖြစ်သွားမလားလို့ တွေးမိပါတယ်။ သို့ပေမယ့် စိတ်ပညာနဲ့ ရိုးရိုးဘွ့ဲရသူ၊ မဟာဘွဲ့ ရသူတွေ၊ အသုံးချစိတ်ပညာနဲ့ ဒီပလိုမာ ရရှိသူတွေ ရှိတယ်လို့ သိထားပါတယ်။ ကုသရေးပိုင်းဆိုင်ရာ စိတ်ပညာရှင်တွေလောက် အဆင့်မမြင့်ရင်တောင် ရက်တိုသင်တန်းနဲ့ ကောင်ဆယ်လာ လုပ်နေရသူတွေထက်တော့ ပိုမိုသိနားလည်မယ်လို့ ယူဆရပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းအခြေအနေကြောင့် အဲဒီအရင်းအမြစ်တွေ ပျောက်ဆုံးနေမှုကလဲ စိတ်ဝင်စားစရာပါ။

ကျွန်မတို့နိုင်ငံမှာ ကောင်ဆယ်လာ ဆိုသူ အများစုကို အိတ်ချ်အိုင်ဗွီပိုး စစ်ဆေးရာ နေရာတွေမှာ တွေ့ရှိနိုင်ပါတယ်။ လူကုန်ကူး ခံခဲ့ရသူတွေနဲ့ အခြားထိခိုက်ခံစားခဲ့ရသူတွေအတွက် အကူအညီပေးနေသူ ကောင်ဆယ်လာ အနည်းငယ်ကိုလဲ တွေ့ဖူးပါတယ်။ သို့ပေမယ့် အများပြည်သူရဲ့ စိတ်ကျန်းမာရေးအတွက် ကောင်ဆယ်လင်း အကူအညီ ရယူစရာ အရင်းအမြစ်တွေက နည်းပါးနေဆဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စိတ်ကျန်းမာရေးအတွက် ကောင်ဆယ်လာ လိုအပ်မှုကို ဗေဒင်ဆရာ၊ ဆရာမတွေက ဖြေရှင်းပေးနေတယ်လို့ ပြောဆိုသူတွေ ရှိပါတယ်။ အဲဒီစကားကို နားထောင်မိကာစမှာ ဟုတ်သလိုလို ခံစားရပါတယ်။ စကားပြောချင်လာတဲ့အခါ စိတ်သက်သာရာရအောင် ဗေဒင်ဆရာ၊ ဆရာမတွေကို ပိုက်ဆံပေးပြီး သွားရောက်ပြောဆိုလို့ ရနိုင်ပါတယ်။  မိတ်ဆွေသူငယ်ချင်း အရင်းတွေကိုတောင် မပြောပြရဲတဲ့ အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ကောင်ဆယ်လာတွေက နားထောင်ပေးကြရလေ့ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ ဗေဒင် ဆရာ၊ ဆရာမတွေက နားထောင်ပေးရလေ့ ရှိပါတယ်။ သို့ပေမယ့် အလွန်ကြီးမားတဲ့ ကွာခြားချက် နှစ်ခုက ဗေဒင်ဆရာ၊ ဆရာမတွေမှာ ကောင်ဆယ်လာတွေလို ကျင့်ဝတ်စည်းကမ်းတွေ တရားဝင်သတ်မှတ်ထားမှု မရှိခြင်းနဲ့ သူတို့ကို လူအများက ပြဿနာတွေကို ဖြေရှင်းပေးဖို့ မျှော်လင့်ကြတဲ့အတွက် သူတို့ရဲ့ အဓိက အလုပ်က ဟောကိန်းထုတ်ပြီး အကြံပေးမှု ဖြစ်နေခြင်းပါ။ 

အကြံပေးမှုကို ခံယူလိုက်ရတဲ့အခါ မိမိပြဿနာတွေကို မိမိဖာသာ အမှန်အတိုင်း မြင်နိုင်ဖို့ ခဲယဉ်းသွားပါတယ်။ သူတို့ပြောတာတွေကိုပဲ ဟုတ်နိုးနိုး ထင်သွားပြီး ညွှန်ကြားရာ နောက်ကို လိုက်လုပ်မိတဲ့ ပြဿနာတွေကို ကြုံရတတ်ပါတယ်။ မိမိအတွက် အကောင်းဆုံး ရွေးချယ်မှုကို မိမိဖာသာ ပြုလုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့အပြင် မိမိရဲ့ အတွင်းရေးတွေကို ပြောပြပြီး ထိခိုက်ခံစားလွယ်တဲ့ အခြေအနေကို ရောက်သွားတဲ့ ကာလမှာ ကျင့်ဝတ်ကို မထိန်းသိမ်းသူတွေ၊ စည်းမစောင့်သူတွေနဲ့ တွေ့ရင် အမြတ်ထုတ်မှုတွေကို ခံရနိုင်ပါတယ်။ ဈေးကြီးတဲ့ ယတြာ၊ အဆောင်လက်ဖွဲ့တွေကို ဝယ်ယူခိုင်းခြင်းကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားမှုတွေ အထိ ကြားသိဖူးပါတယ်။ အားလုံးက အဲဒီလိုချည်းပဲလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သို့ပေမယ့် အဲဒီလို အခြေအနေမျိုးတွေ ရှိနိုင်ကြောင်း သိရှိ သတိပြုမိဖို့ လိုအပ်ပါတယ်။ ဒါက ကောင်ဆယ်လင်းနဲ့ လုံး၀ ကွာခြားနေတဲ့ အချက်တွေ ဖြစ်ပါတယ်။ အမှန်တကယ် ကျွမ်းကျင်ပြီး ကျင့်ဝတ်သိက္ခာနဲ့ ပြည့်ဝတဲ့ ကောင်ဆယ်လာက လာရောက် အကူအညီ ရယူသူကို မိမိကိုယ်မိမိ သိရှိနားလည်လာပြီး မိမိဖာသာ ကူညီစောင့်ရှောက်နိုင်စွမ်း ရှိလာအောင် ဖေးမသူ ဖြစ်ပါတယ်။ 

ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းမှာ ဗေဒင်ဆရာ၊ ဆရာမထံ သွားရင် အမြင်လွဲခံရမှု နည်းပါးပြီး၊ ဖြစ်ရိုးဖြစ်စဉ်လို သဘောထားကြပေမယ့် ကောင်ဆယ်လာတွေ၊ စိတ်ရောဂါကုသတဲ့ ဆရာဝန်တွေထံ သွားရောက် အကူအညီ ရယူတဲ့ အခါမျိုးမှာတော့ အမြင် လွဲမှားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒါကလဲ စိတ်ကျန်းမာရေး အတွက် အလွန်ကြီးမားတဲ့ အတားအဆီး တစ်ခု ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ အပြင်းအထန် ဝေဒနာ ခံစားရမှ ဆေးရုံဆေးခန်းသွားရတာ မဟုတ်ပါဘူး။ နှာစေး ချောင်းဆိုး အအေးမိလို အနေအထားမျိုးမှာလဲ ဆေးခန်းပြရတာတွေ၊ ကုသမှု ခံယူရတာတွေ ရှိတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလဲ အလားတူ မြင်သင့်ပါတယ်။ စိတ်ဝေဒနာ အကြီးအကျယ် ဖြစ်မှ ကုသရတာမျိုး မဟုတ်ဘဲ စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှု စတာတွေနဲ့တင် အကူအညီ ရယူသင့်တဲ့ ကာလတွေ ရှိပါတယ်။ မိမိစိတ်ထဲမှာ ရှိနေတာတွေကို တစ်ယောက်ယောက်ကို ပြောပြလိုက်ရင် ပေါ့ပါးသွားတတ်တဲ့ အနေအထား၊ ပြဿနာတွေကို မိမိဖာသာ မိမိ ပိုပြီး ကောင်းကောင်းမွန်မွန် မြင်လာနိုင်တဲ့ အနေအထားမျိုးတွေကို ကြုံဖူးပါလိမ့်မယ်။ ကောင်ဆယ်လာတွေက ကြေးမုံပြင်မှာ ထင်ဟပ်လာတဲ့ အရိပ်တွေကို ကြည့်ပြီး သိသင့်တဲ့ သတင်းအချက်အလက်တွေကို ပေးခြင်း၊ သင့်လျော်တဲ့ ကုထုံးတွေ အသုံးပြုခြင်း၊ အခြေအနေတွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းတွေ၊ စိတ်လျှော့ အပန်းဖြေနိုင်မယ့် နည်းလမ်းတွေကို သင်ကြားပေးခြင်း စတာတွေကိုလဲ ပြုလုပ်ပေးနိုင်ပါတယ်။ သေးငယ်တဲ့ အနေအထားမှာ အကူအညီ ရယူလိုက်ခြင်းက ပိုမိုကြီးမားတဲ့ အခြေအနေ မရောက်အောင် ကာကွယ်တာမျိုးလဲ ဖြစ်သွားနိုင်ပါတယ်။ ကျွန်မ လေးစားအားကျရတဲ့ အမေရိကန်နိုင်ငံက သုတေသီ၊ စာရေးဆရာ ဘရန်နေးဘရောင်း(Brené Brown)က သူမရဲ့ ကောင်ဆယ်လင်း ရယူမှုကို လူသိရှင်ကြား မကြာခဏ ထုတ်ဖော် ပြောဆိုသူ တစ်ဦး ဖြစ်ပါတယ်။ 

သို့ပေမယ့် လူ့စွမ်းအား အရင်းအမြစ် နည်းပါးလွန်းပြီး ကြီးမားတဲ့ ပြဿနာတွေ များပြားရာ နေရာဒေသဖြစ်တဲ့ ကျွန်မတို့ နိုင်ငံမှာ ကောင်ဆယ်လင်း လုပ်သူတွေ ကိုယ်တိုင်က ပြဿနာ နည်းပါးတယ်လို့ ထင်ရသူတွေ အပေါ်မှာ စိတ်မရှည်တာမျိုးတွေ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ မိမိထံမှာ ကောင်ဆယ်လင်း ရယူသူတွေရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးခြင်း ဆိုတဲ့ အလွန်အရေးကြီးတဲ့ အချက်ကိုလဲ စောင့်ကြည့်သူတွေ မရှိတဲ့အခါ အလွယ်တကူ ဖောက်ဖျက်မိတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါတွေက စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီ ရယူမှုတွေကို ပိုမိုနည်းပါးသွားစေနိုင်ပါတယ်။ မိမိကိုယ်တိုင်က အကူအညီ ရယူလိုသူတွေကို နာမည်ဆိုး တံဆိပ်ကပ်ပြီး တွန်းထုတ်မိသလို ဖြစ်သွားနိုင်ပါတယ်။ အမှတ်တမဲ့ မြင်မိ၊ ကြားမိတာလေးတွေက ကောက်ချက်ဆွဲမိတာပါ။ အားလုံး ဒီလိုပဲလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ကြေးမုံပြင်လို နားထောင်ဆွေးနွေးပေးနိုင်တဲ့ အရည်အသွေး မြင့်မားသူတွေ များပြားလာရင် ကျွန်မတို့ နိုင်ငံရဲ့ စိတ်ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်တွေ အတိုင်းအတာတစ်ခု အထိ သေးငယ်လျော့ကျသွားမယ်လို့ မျှော်လင့်မိပါတယ်။ အဲဒါက လူတစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရော၊ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကိုပါ ကောင်းမွန်တဲ့ ဘက်က များစွာ အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ယူဆမိပါတယ်။ 

(Ref: Basic Mental Health Training by Andrew Riley and Heal the World, www.counselor-license.com)

၂၀၁၆ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့ထုတ် Daily Eleven မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

Wednesday, December 16, 2020

အနိုင်ကျင့်ခြင်းကင်းတဲ့ကမ္ဘာ

အနိုင်ကျင့်တယ်၊ ကြီးနိုင်ငယ်ညှဉ်း ပြုလုပ်တယ် စသဖြင့် ကျွန်မတို့ ပြောဆိုကြတဲ့အရာကို အင်္ဂလိပ်ဘာသာနဲ့ Bullyingလို့ ခေါ်ကြပါတယ်။ အနိုင်ကျင့်မှုတွေက လူတွေ ကြားထဲမှာ လူပီသစွာ ဖြစ်ပွားနေတာ ကမ္ဘာဦးကာလတည်းကပါ။ အသက်ရှင်ဖို့၊ ကိုယ်လိုချင်တာတွေ ရဖို့ အတွက် တစ်ဦးကို တစ်ဦး အနိုင်ကျင့်ဖို့၊ သတ်ဖြတ်ဖို့ကလွဲလို့ ဘာမှ မရှိသလို အခြေအနေတွေကို ဖြတ်သန်းခဲ့ကြရဖူးပါတယ်။ လူသားတွေ ပိုပြီး ယဉ်ကျေးလာတာနဲ့အမျှ အနိုင်ကျင့်မှုတွေ၊ အကြမ်းဖက်မှုတွေကို လူ့အဖွဲ့အစည်းက ပြစ်တင်ရှုံ့ချလာကြပါတယ်။ အသက်ရှင်သန်ဖို့၊ မိမိလိုချင်တာတွေ ရရှိဖို့အတွက် အနိုင်ကျင့်မှုတွေ၊ အကြမ်းဖက်မှုတွေ အပြင် အခြားသော ရွေးစရာ နည်းလမ်းတွေ ရှိနေတာကိုလည်း ပိုပြီး သိရှိနားလည်လာကြပါတယ်။

Ditch the Label (တံဆိပ်ကပ် သတ်မှတ်မှုတွေကို ခွာချပစ်လိုက်ပါ) ဆိုတဲ့ အနိုင်ကျင့်မှု တားဆီးကာကွယ်ရေးအတွက် ကူညီဆောင်ရွက်နေတဲ့အဖွဲ့က ဗြိတိန်နိုင်ငံမှာ အခြေစိုက်ပါတယ်။ သူတို့အဖွဲ့ ၂၀၁၇ခုနှစ်မှာ ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အသက်နှစ်ဆယ် ပြည့်ပြီးသူ နှစ်ယောက်မှာ တစ်ယောက်က အနိုင်ကျင့်မှုတွေကို ခံစားခဲ့ဖူးတယ်လို့ တွေ့ရပါတယ်။ အတော်လေးကို မြင့်မားတဲ့အရေအတွက်ပါ။

အနိုင်ကျင့်ခံရခြင်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ကိုယ်ရည်ကိုယ်သွေး ထိခိုက်မှုများစွာ ဖြစ်စေနိုင်တဲ့ အပြင် မိမိကိုယ်မိမိ သေကြောင်းကြံစည်တဲ့အထိလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အနိုင်ကျင့်ခြင်းက အလွန်ကို အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ အနိုင်ကျင့်ခံရမှုကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားသူတွေက ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိသလို ကမ္ဘာမှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် ငယ်ရွယ်သူတွေမှာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရင်းအမြစ်တွေ ပိုပြီးနည်းပါးတဲ့အတွက် သူတို့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ပိုပြီး အဖြစ်များပါတယ်။

Ditch the Label အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာတော့ “သင်က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ရှိနေသလား” ဆိုတဲ့ မေးခွန်းကလေးကို မေးထားတာ တွေ့ရပါတယ်။ အဲဒီလို ဖြစ်နေရင် ဘယ်ကို အကူအညီတောင်းရမယ် ဆိုတဲ့ အင်တာနက် စာမျက်နှာတွေ၊ ဆက်သွယ်အကူအညီတောင်းလို့ ရမယ့် နေရာတွေကို စာရင်းပြုစုပေးထားတာကိုလည်း တွေ့ရပါတယ်။ တစ်ကမ္ဘာလုံးကနေ အကူအညီရယူလို့ ရတဲ့ နေရာတွေ ရှိတယ် ဆိုပေမဲ့ ဆက်သွယ်ရမှာက အင်္ဂလိပ်ဘာသာနဲ့သာ ဖြစ်လေ့ရှိတာမို့ ဘာသာစကား အခက်အခဲ ရှိသူတွေ၊ အင်တာနက် မသုံးနိုင်သူတွေ၊ မသုံးတတ်သူတွေအတွက် လက်လှမ်းမီဖို့ ခက်ခဲပါလိမ့်မယ်။

အနိုင်ကျင့်မှုတွေထဲမှာ နှုတ်အားဖြင့် အနိုင်ကျင့်မှု၊ ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှု၊ လူမှုရေးဆိုင်ရာအနိုင်ကျင့်မှုစတဲ့ အမျိုးအစားတွေ ပါဝင်ပါတယ်။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဒီဘက် ခေတ်ကာလတွေမှာ Cyber Bullying လို့ ခေါ်တဲ့ အင်တာနက်ပေါ်က အနိုင်ကျင့်မှုတွေလည်း အတော်လေး များပြားလာပါတယ်။

Ditch the Label အဖွဲ့က ၂၀၁၆ခုနှစ်၊ ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ လူတွေက အခြားသူတွေကို အနိုင်ကျင့်မှုတွေ ပြုလုပ်ကြတဲ့ အကြောင်းအရင်းတွေကို အခုလို တွေ့ရှိရပါတယ်။

စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာ - လေ့လာတွေ့ရှိချက်အရ အနိုင်ကျင့်သူအများစုက အခြားသူတွေထက် စိတ်ဖိစီးမှုများပြားတဲ့အခြေအနေ ဒါမှမဟုတ် စိတ်ဒဏ်ရာ ရစေတဲ့ အခြေအနေတွေကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကြုံတွေ့ခဲ့ဖူးသူတွေ ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ဥပမာ - သူတို့ရဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေ ကွဲကွာကြတဲ့ အခြေအနေ၊ ဆွေမျိုးတစ်ဦးဦး သေဆုံးတဲ့အခြေအနေ၊ မောင်ငယ်၊ ညီမငယ် ထပ်ပြီး ရရှိတဲ့ အခြေအနေမျိုးတွေပါ။ လူတွေက စိတ်ဖိစီးမှုကို အလွန်ကွဲပြားတဲ့ ပုံစံတွေနဲ့ တုံ့ပြန်လေ့ ရှိကြပါတယ်။ အချို့က ကောင်းမွန်တဲ့ တုံ့ပြန်မှု ဖြစ်တဲ့ တရားမှတ်တာ၊ လေ့ကျင့်ခန်းပြုလုပ်တာ၊ စကားပြောဆိုတဲ့ ကုထုံးနဲ့ ကုသမှုကို ခံယူတာတွေကို အသုံးပြုကြပါတယ်။ အချို့က မကောင်းတဲ့ တုံ့ပြန်မှု ဖြစ်တဲ့ သူတစ်ပါးကို အနိုင်ကျင့်တာ၊ အကြမ်းဖက်တာ၊ အရက်သောက်တာ စတာတွေကို အသုံးပြုတတ်ကြပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ အချို့သူတွေက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို အသုံးပြုရကောင်းမှန်း မသိကြတဲ့အတွက် သူတစ်ပါးကို အနိုင်ကျင့်ခြင်းကို သူတို့ရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်တဲ့ အပြုအမူတွေ - သူတစ်ပါးကို အနိုင်ကျင့်ခဲ့ဖူးတယ်လို့ ဝန်ခံသူတွေရဲ့ ၆၆%က အမျိုးသားတွေ ဖြစ်ကြပါတယ်။ အဲဒါက ယောက်ျားလေးတွေကို လူ့အဖွဲ့အစည်းက သင်ကြားပေးခဲ့တဲ့ အရာတွေကြောင့် ဖြစ်ပါတယ်။ မိန်းကလေးတွေကို သူတို့ကို ထိခိုက်စေတဲ့ အရာတွေကို ထုတ်ဖော်ပြောဆိုဖို့ သင်ကြားပေးခဲ့ပေမဲ့ ယောက်ျားလေးတွေကိုတော့ ယောက်ျားပီပီသသ ရင်ဆိုင်ဖို့၊ စိတ်ခံစားမှုတွေကို မပြသဖို့ သင်ကြားပေးကြပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေက အနိုင်ကျင့်တဲ့ နည်းလမ်းကို ဖြေရှင်းနည်း တစ်ခု အနေနဲ့ အသုံးပြုကြလေ့ရှိပါတယ်။ လူတစ်ယောက်ကို တိုက်ခိုက်ဖို့၊ ပြစ်မှု ကျူးလွန်ဖို့က အမျိုးသားတွေမှာ အမျိုးသမီးတွေထက် အခွင့်အလမ်း ပိုများတယ်လို့ တွေ့ရပါသတဲ့။ လူ့အဖွဲ့အစည်းရဲ့ ကျား-မရေးရာ စံနှုန်းသတ်မှတ်မှုတွေ၊ ကျား-မရေးရာ အခန်းကဏ္ဍတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

မိမိကိုယ်မိမိ ယုံကြည်လေးစားမှု လျော့နည်းခြင်း - မိမိကိုယ်မိမိ ဘယ်လိုခံစားနေရတယ် ဆိုတာကို ဖုံးကွယ်ဖို့အတွက် အနိုင်ကျင့်သူတွေက အခြားသူတွေ အပေါ်မှာ အာရုံထားတတ်ကြပါတယ်။ သူတို့ဘက်ကို ရောက်လာတဲ့ မကောင်းတဲ့ အာရုံစိုက်ခံရမှုတွေကနေ ရှောင်ဖယ်ဖို့ လမ်းကြောင်းလွှဲလိုက်တာပါ။ ဒါပေမဲ့ အိမ်မှာတော့ မှန်ထဲ ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မုန်းနေတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ကိုယ်ကိုယ့်ကိုယ် အရှိအတိုင်း လက်ခံဖို့ထက် အခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့ သင်ကြားပေးခြင်း ခံခဲ့ကြရတဲ့အတွက် အဲဒီလို ဖြစ်ရတာ ဖြစ်ပါတယ်။

မိမိကိုယ်တိုင် အနိုင်ကျင့် ခံခဲ့ရဖူးတဲ့အတွက် - Ditch the Label က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ မိမိကိုယ်တိုင် အနိုင်ကျင့်ခံခဲ့ရဖူးသူတွေမှာ သူတစ်ပါးကို အနိုင်ကျင့်နိုင်ခြေ နှစ်ဆ ပိုများတယ်လို့ တွေ့ရပါတယ်။ ငယ်စဉ်က ကိုယ်တိုင် အနိုင်ကျင့်ခံဖူးရာက ကြီးလာချိန်မှာ သူတစ်ပါးကို အနိုင်ကျင့်သူတွေ ဖြစ်လာတာမျိုး ဖြစ်တတ်ပါတယ်။ မကောင်းတဲ့ အပြုအမူတွေရဲ့ အဆိုးသံသရာ ဆက်ခြင်းပါ။

ခက်ခဲတဲ့ အိမ်တွင်းရေး အခြေအနေ - သူတစ်ပါးကို အနိုင်ကျင့်သူ သုံးဦးမှာ တစ်ဦးက သူတို့ရဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေက သူတို့ကို လုံလောက်အောင် အချိန်မပေးဘူးလို့ ခံစားရကြောင်း ပြောကြပါတယ်။ သူတို့က သူတို့ ချစ်ခြင်းမေတ္တာ ရရှိသင့်တဲ့သူတွေရဲ့ ပစ်ပယ်ခြင်းကို ခံစားခဲ့ကြရလေ့ ရှိပါတယ်။ အငြင်းပွားမှု၊ ရန်လိုမှုတွေ များပြားတဲ့ အကြမ်းဖက်တဲ့ အိမ်တွေမှာ ကြီးပြင်းခဲ့ကြတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ပညာရေးကို လက်လှမ်းမီမှု နည်းပါးခြင်း - ပညာရေးကို လက်လှမ်းမီမှု မရှိတဲ့ အခါမှာ အခြားသူတွေ အပေါ်မှာ အမုန်းပွားတဲ့ စကားတွေကို ပြောဆိုမှုက သူတို့အတွက် စံသတ်မှတ်ချက်တစ်ခုလို ဖြစ်နေနိုင်ပါတယ်။ အမုန်းစကားဆိုတာ ဘာလဲ ဆိုတာကို နားမလည်တာမျိုး၊ သူတစ်ပါးကို ချိုးချိုးဖဲ့ဖဲ့ ပြောဆိုခြင်းက မသင့်တော်တဲ့ အပြုအမူ ဖြစ်တယ် ဆိုတာကို နားမလည်တာမျိုးတွေလည်း ဖြစ်နေနိုင်ပါတယ်။

ဆက်နွှယ်ပတ်သက်မှု အခြေအနေ - အနိုင်ကျင့်သူတွေက သူတို့ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆက်နွှယ်ပတ်သက်မှု အခြေအနေက လုံခြုံမှု မရှိလှဘူးလို့ ခံစားနေရတတ်ပါတယ်။ သူငယ်ချင်း မိတ်ဆွေ အဖြစ် ဆက်ရှိနေနိုင်ဖို့အတွက် သူတို့ရဲ့ သက်ရွယ်တူတွေက သူတို့ကို ပုံစံတစ်မျိုးနဲ့ ပြုမူနေထိုင်ဖို့ ဖိအားပေးနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သူတို့နဲ့ အနီးဆုံးသူတွေက သူတို့ ဆောင်ရွက်ဖို့ စိတ်သက်သောင့်သက်သာ မရှိတဲ့ အရာတွေကို သူတို့ကို ဆောင်ရွက်စေတယ်လို့ ခံစားနေကြရလေ့ ရှိပါတယ်။ အားပေးကူညီမှု၊ ချစ်ခင်မှုတွေကိုလည်း မရရှိဘူးလို့လည်း ခံစားနေကြရလေ့ရှိပါတယ်။

မိမိမှာ အနိုင်ကျင့်မှုနဲ့ ကြုံတွေ့ခံစားရရင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီအထဲက အကောင်းဆုံးနည်းလမ်း ဆယ်ခုကတော့ အခုလို ဖြစ်ပါတယ်။

၁) အနိုင်ကျင့်ခြင်းအကြောင်းကို နားလည်အောင် ကြိုးစားပါ။
အနိုင်ကျင့်မှုက သင်ယူ ရရှိလာခဲ့တဲ့ အပြုအမူ တစ်ခု ဖြစ်ပါတယ်။ အနိုင်ကျင့်ခံရသူက ပြဿနာ ရှိသူ မဟုတ်ဘူး ဆိုတာကို နားလည်ပါ။ အနိုင်ကျင့်သူတွေကသာ ပြဿနာ ရှိသူတွေ ဖြစ်ကြပါတယ်။ အနိုင်ကျင့်မှုကို ကျူးလွန်နိုင်စေနိုင်တဲ့ အကြောင်းတွေကို သိရှိနားလည်အောင် ကြိုးစားပါ။

၂) အန္တရာယ် မရှိဘူးလို့ အမှန်တကယ် ခံစားရတယ် ဆိုရင် အနိုင်ကျင့်သူနဲ့ စကားပြောပါ။
တစ်ဖက်လူက မတော်တဆ မရည်ရွယ်ဘဲ ပြောမိဆိုမိတာတွေကနေ သင့်ကို ထိခိုက်စေတာမျိုး ဖြစ်တဲ့ အနေအထားမျိုးမှာ အဲဒါက ထိရောက်နိုင်ပါတယ်။

၃) အဲဒီအခြေအနေကို နှုတ်ဆိတ်ပြီး မဖြတ်သန်းပါနဲ့။
အနိုင်ကျင့်မှုကို ကြုံရသူတွေရဲ့ ၄၅% လောက်က သတင်းပို့တိုင်ကြားမှုကို မပြုလုပ်ကြဘူးလို့ Ditch the Label က ဆိုပါတယ်။ အကာအကွယ် ပေးတဲ့ စနစ်ကို မယုံကြည်လို့ ဖြစ်စေ၊ ရှက်စိတ်ကြောင့် ဖြစ်စေ အဲဒီလို မတိုင်ကြားဘဲ နေကြခြင်း ဖြစ်ပါသတဲ့။ မတိုင်ကြားလိုဘူး ဆိုရင်တောင်မှ တစ်စုံတစ်ယောက်ကို ပြောပြတာမျိုး လုပ်သင့်ပါတယ်။ အဲဒီလို အခြေအနေမျိုးကို နှုတ်ဆိတ်ပြီး တစ်ယောက်တည်း မဖြတ်သန်းသင့်ပါဘူး။

၄) အဲဒါက ပြစ်မှုလား
အနိုင်ကျင့်မှုထဲမှာ ပြစ်မှုမြောက်တဲ့ အပြုအမူတွေ ရှိနေတယ် ဆိုရင် သက်ဆိုင်တဲ့ မှုခင်းဌာနတွေကို သတင်းပို့သင့်ပါတယ်။

၅) သင့်ကိုယ်သင် ပြဿနာလို့ မယူဆပါနဲ့။
သင်က သင့်မှာ ရှိနေတဲ့ အားနည်းချက်တွေ၊ မတူကွဲပြားမှုတွေကြောင့် အနိုင်ကျင့်ခံရတာ မဟုတ်ပါဘူး။ အနိုင်ကျင့်သူကသာ ပြဿနာ ရှိသူ ဖြစ်ပါတယ်။ သင် ပြောင်းလဲဖို့ လိုအပ်တာက မိမိက ပြဿနာလို့ ယူဆနေတဲ့ သဘောထားအမြင် တစ်ခုထဲကိုပါ။

၆) စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းပါ။
စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါမှာ မကောင်းတဲ့ ခံစားမှုတွေ စုပုံရောက်ရှိလာတတ်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ၊ အရင်းအမြစ်တွေကို အသုံးပြုပါ။

၇) တသီးတခြား မနေပါနဲ့။
သင်က အဲဒီလို နေချင်စိတ် ပေါက်လာရင်တောင်မှ တသီးတခြား မနေပါနဲ့။ ပံ့ပိုးကူညီမှုတွေနဲ့ ဝေးကွာနေခြင်းက ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်သလို အနိုင်ကျင့်ခြင်းကို ကျော်လွန်ဖြတ်သန်းနိုင်အောင်လည်း ဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။ အဲဒါက သင့်ကို နှုတ်ဆိတ်သွားစေပြီး၊ သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုကိုသာ ထိခိုက်လာစေပါလိမ့်မယ်။ အနိုင်ကျင့်ခံရသူတွေက ကိုယ့်ကိုယ်ကိုယ် သားကောင်လို့ မြင်လာပြီး အဲဒီအခြေအနေထဲကို အမှန်တကယ် ရောက်ရှိသွားတတ်ပါတယ်။ အနိုင်ကျင့်ခံရခြင်းက သင်ဘယ်သူ ဆိုတာကို ဆုံးဖြတ်မှု မပေးနိုင်ပါဘူး။ အနိုင်ကျင့်ခံရခြင်းရဲ့ အပြင်ဘက်ကို ကျော်လွန်ပြီး ကြည့်နိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းတွေကို အခြားသူတွေနဲ့ ပြောဆိုနေဖို့ လိုအပ်ပါတယ်။

၈) ကျန်းမာရေးကို ဂရုစိုက်ပါ။
အာဟာရပြည့်ဝအောင် စားသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်တာက သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှု လျော့ကျလာခြင်းက သင့်ကို ကြည်လင်ပြတ်သားလာစေပြီး ခက်ခဲတဲ့ အခြေအနေတွေကို အစိတ်အပိုင်းငယ်လေးတွေ ခွဲပြီး မြင်စေနိုင်ပါတယ်။ အဲဒါက သင့်ကို အဲဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းရတာ ပိုပြီး လွယ်ကူစေနိုင်ပါတယ်။ လူလေးယောက်မှာ တစ်ယောက်လောက်က စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရတတ်တဲ့အတွက် သင့်မှာ အဲဒီလို အခက်အခဲတွေ ရှိခဲ့ရင် သက်ဆိုင်တဲ့ ဆရာဝန်၊ ကုထုံးပညာရှင်၊ အကြံပြုဆွေးနွေးသူတွေကို ပြောပြအကူအညီတောင်းသင့်ပါတယ်။

၉) မိမိအတွက် ကောင်းမွန်တဲ့ စံပြပုဂ္ဂိုလ်တွေ ထားရှိပါ။
ဆယ်ကျော်သက် အရွယ်ကို ဖြတ်သန်းရတာက အာကာသတွင်းနက်ထဲကို ထိုးကျသွားတာနဲ့ အနည်းငယ် ဆင်တူသလို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် မိမိ ဘယ်သူ ဘယ်ဝါလဲ ဆိုတာကို ရှာဖွေနေရတဲ့အချိန်၊ အနိုင်ကျင့်မှုကို ခံစားနေရတဲ့အချိန်တွေမှာ ပိုပြီး ဆိုးနိုင်ပါတယ်။ သင့်လို အနေအထားမျိုးကို ရောက်ရှိခဲ့ပြီး အဲဒီအခြေအနေကို ကျော်လွန်ဖြတ်သန်းနိုင်ခဲ့သူတွေ အများကြီး ရှိပါတယ်။ အောင်မြင်ထင်ရှားသူတွေထဲမှာရော၊ သာမန်လူထဲမှာပါ အလားတူ ဖြစ်ရပ်တွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

၁၀) မိမိကို အကူအညီပေးနိုင်မယ့် အရင်းအမြစ်နေရာတွေထံက အကူအညီ ရယူပါ။
Ditch the Lable ရဲ့ အင်တာနက် စာမျက်နှာကနေ အဖွဲ့ဝင်ပြီး မိမိကို ပဲ့ကိုင်လမ်းညွှန်မှု ပေးနိုင်မယ့် သူတွေနဲ့ အင်တာနက်ပေါ်မှာ စကားပြောလို့ ရပါတယ်။ အဲဒါကတော့ အင်္ဂလိပ်ဘာသာနဲ့ ဖြစ်ပါလိမ့်မယ်။ မြန်မာဘာသာနဲ့ အနိုင်ကျင့်မှုအတွက် သီးခြားဝန်ဆောင်မှု ပေးတဲ့နေရာရယ်လို့ မသိထားပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးတဲ့နေရာတွေ ဖြစ်တဲ့ မီးပြတိုက်(Mee Pya Tike) အက်ပလီကေးရှင်း၊ ဝေငှရင်းနဲ့ ပံ့ပိုးပေးကြပါစို့ (Share to Care) Facebook အဖွဲ့စတာတွေမှာ ပြောဆိုရင်ဖွင့်လို့ ရပါတယ်။

စာဖတ်သူအားလုံး မိမိကိုယ်တိုင် အနိုင်ကျင့်ခံရခြင်းကနေရော၊ သူတစ်ပါးကို အနိုင်ကျင့်ခြင်းကနေပါ ကင်းဝေးနိုင်ကြပါစေ။
(Ref: https://www.ditchthelabel.org/
https://www.ncab.org.au
https://www.who.int/bulletin/volumes/88/6/10-077123/en/)
၂၀၁၉ ဒီဇင်ဘာမှာ ထွက်ခဲ့တဲ့ ပဲန်မြန်မာရဲ့ နှစ်ပတ်လည်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Friday, December 11, 2020

အင်တာနက်ပေါ်မှ အရည်အသွေးမြင့် ပညာဒါန

 သင် ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာ ပညာသင်ခွင့်ရသူတွေကို အားကျဖူးပါသလား။ ကမ္ဘာ့အဆင့်မီ ပညာရေးကို လက်လှမ်းမီဖို့ စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ အမေရိကန်နိုင်ငံလို နိုင်ငံကြီးတွေက နာမည်ကြီး တက္ကသိုလ်တစ်ခုခုမှာ အတန်းလေးတစ်ခုလောက်ကို တစ်ချိန်လေးပဲဖြစ်ဖြစ် တက်ကြည့်ချင်လိုက်တာလို့ တောင့်တမိဖူးပါသလား။

သင်က အတန်းပညာလဲ နည်းမယ်၊ အင်္ဂလိပ်စာလဲ မကျွမ်းကျင်လှသူ ဖြစ်မယ်၊ အရွယ်ကလဲ လွန်နေပြီဆိုတဲ့ အနေအထားမျိုးရောက်နေပြီဆိုရင် အဲဒါတွေကို စိတ်ကူးမိတောင်မှ လက်လှမ်းမမီနိုင်တော့ဘူးလို့ ထင်မိကောင်းထင်မိပါတယ်။

ဒါပေမယ့် အဲဒီအထင်က မှားပါတယ်။ သင် အမှန်တကယ် လိုချင်ရင် လက်လှမ်းမီ သင်ယူနိုင်တဲ့ အနေအထားကို ရောက်အောင်ကူညီမယ့် အရာတစ်ခု ရှိနေပြီ ဖြစ်ပါတယ်။ 

အဲဒါက ကိုဆာရာ (Coursera) လို့ ခေါ်တဲ့ အင်တာနက်ပေါ်က ပညာဒါန စာမျက်နှာလေး ဖြစ်ပါတယ်။ 

အင်တာနက်ပေါ်မှာ သင်ယူလို့ ရတဲ့ အခြား ပညာဒါန စာမျက်နှာတွေ ရှိပေမယ့် သူတို့နဲ့ ကိုဆာရာမှာ အဓိက ကွာခြားချက်နှစ်ခု ရှိပါတယ်။ တစ်ခုက မြန်မာနိုင်ငံက အင်တာနက်နှုန်းနဲ့ ကိုက်ညီနိုင်တဲ့ အနေအထားမှာ ရှိခြင်းပါ။ နောက်တစ်ခုက သင်ယူရ လွယ်ကူတဲ့ ပုံစံနဲ့ ပို့ချခြင်း ဖြစ်ပါတယ်။ စမာ့တ်ဖုန်း ရှိရင် ကိုဆာရာ အပလီကေးရှင်းကို ဂူဂယ်လ်ပလေးစတိုးကနေ အခမဲ့ ရယူလို့ ရပါတယ်။ အိုင်ဖုန်း ဆိုရင်တော့ အပ်ပါးလ်စတိုးကနေ အခမဲ့ယူလို့ ရပါတယ်။  အဲဒီအပလီကေးရှင်းကနေ မိမိအီးမေးလ်နဲ့ အကောင့်ဖွင့်ပြီး အင်တာနက် ရှိချိန်မှာ မိမိ သင်ယူလိုတဲ့ အတန်းက ဗွီဒီယိုတွေကို ဖြည်းဖြည်းချင်း ဒေါင်းလုပ်လုပ်ထားပြီး အချိန်မရွေး ပြန်ကြည့်လို့ ရပါတယ်။ မိမိမှာ စမာ့တ်ဖုန်း မရှိခဲ့ရင်တောင် စမာ့တ်ဖုန်း ရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး အတူ လေ့လာတာမျိုး၊ အင်တာနက်ဆိုင်မှာ တစ်နေ့ အချိန်နည်းနည်းပေးပြီး ထိုင်လေ့လာတာမျိုးတွေ လုပ်လို့ရပါတယ်။ အင်္ဂလိပ်စာ မကျွမ်းကျင်ရင်တောင် မိမိစိတ်ဝင်စားတဲ့ အတန်းက ဗွီဒီယိုတွေ၊ ဖတ်စာတွေကို လေ့လာမှတ်သားရင်းက အင်္ဂလိပ်စာကိုပါ တစ်ပါတည်း လေ့လာသွားလို့ ရပါတယ်။ အလွန်ကို နာမည်ကြီးတဲ့ တက္ကသိုလ်တွေက အလွန်ကို နာမည်ကြီးတဲ့ ပရော်ဖက်ဆာတွေ ကိုယ်တိုင် ပို့ချပေးတဲ့ အတန်းတွေလဲ ရှိပါတယ်။ ကိုဆာရာကြောင့် မဟုတ်ရင် အဲဒီအတန်းမျိုးတွေ တက်ခွင့်ရဖို့က အိပ်မက်တောင် မမက်ရဲခဲ့တဲ့ အနေအထားမျိုးပါ။ ဂီတပိုင်းမှာ ဘာကလေဂီတကောလိပ်လိုမျိုး၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာမှာ ဂျွန်ဟော့ပ်ကင်းလို တက္ကသိုလ်မျိုးတွေက ပို့ချပေးတာတွေ ရှိပါတယ်။ ဘာကလေဂီတကောလိပ်က ဂစ်တာကို အခြေခံက စသင်ပေးတဲ့ အတန်းမှာ ဂစ်တာရဲ့ အစိတ်အပိုင်း၊ ကြိုးညှိပုံ၊ ဂစ်တာရွေးချယ်ပုံတွေက အစ သေသေချာချာ သင်ကြားပို့ချပေးတာကို တွေ့ရပါတယ်။ 

ကိုဆာရာဆိုတဲ့ အင်တာနက် စာမျက်နှာကလေးကို စတင်တည်ထောင်ခဲ့သူတွေက စတန်းဖို့ဒ်တက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံက တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သူ Andrew Ng နဲ့ ပါမောက္ခတစ်ဦးဖြစ်သူ Daphne Koller တို့ ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်ကမှ စတင်ခဲ့တာပါ။ သူတို့က ကမ္ဘာ့တက္ကသိုလ်ကြီးတွေကို ကိုဆာရာထံမှာ ပညာဒါန အတန်းတွေ ပို့ချပေးဖို့ လှုံ့ဆော် တိုက်တွန်း ခဲ့ကြပါတယ်။ အခု ကျွန်မ ဒီဆောင်းပါးကို ရေးနေချိန်မှာ ကိုဆာရာမှာ တစ်ကမ္ဘာလုံးက တက်ရောက်သင်ကြားနေသူ ၁၃သန်းကျော် ရှိပြီး စက္ကန့်နဲ့ အမျှ လူဦးရေ တိုးနေပါတယ်။ အတန်းက ၁၀၃၉တန်း ရှိပြီး ပို့ချပေးနေတဲ့ မိတ်ဖက်တက္ကသိုလ်က ၁၁၉ခု ရှိပါတယ်။ ဘာသာရပ်တွေထဲမှာ အနုပညာ၊ ဂီတ၊ ပညာရေး၊ သချာၤ၊ ဓာတုဗေဒ၊ လူမှုရေးသိပ္ပံ၊ ဥပဒေ ၊ ကျန်းမာရေး၊ စီးပွားရေး၊ ကွန်ပျူတာ စသဖြင့် ရွေးစရာ အတော်များများ ရှိတာကို တွေ့ရပါတယ်။ အချိန်အကန့်အသတ်နဲ့ ဖွင့်တဲ့ အတန်းတွေ ရှိသလို ဘယ်အချိန် မဆို တက်လို့ ရအောင် တောက်လျှောက် ပို့ချပေးနေတဲ့ အတန်းအချိုု့လဲ ရှိပါတယ်။ အဲဒါကို on demand course တွေလို့ ခေါ်ပါတယ်။ ဒါပေမယ့် ပြဿနာက on demand course တွေက ဗွီဒီယိုတွေကို အခြားအတန်းက ဗွီဒီယိုတွေလို ဒေါင်းလုပ်လုပ်ပြီး သိမ်းထားလို့ မရပါဘူး။ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ အချိန်တွေမှာပဲ ကြည့်လို့ ရပါတယ်။ 

ကိုဆာရာကို ဘာကြောင့် စတင်ဖြစ်ခဲ့သလဲ ဆိုတဲ့ အကြောင်းကို Daphne Koller က သူမရဲ့ ၂၀၁၂က တက်ဒ်တော့ (tedtalk) မှာ အခုလို ပြောပြခဲ့ပါတယ်။ သူမက ပညာရေးကို အလေးထားတဲ့ မိဘအသိုင်းအဝိုင်းက ပေါက်ဖွားလာခဲ့သူ ဖြစ်ပြီး ပီအိတ်ချ်ဒီအဆင့် ပညာရေးအထိ ရခဲ့သူတွေရဲ့ တတိယ မျိုးဆက် ဖြစ်ပါတယ်။ သူမက အကောင်းဆုံး တက္ကသိုလ်တွေကို တက်ခွင့်ရခဲ့ပေမယ့် ကမ္ဘာပေါ်မှာ သူမလို ကံမကောင်းသူတွေ အများအပြား ရှိနေတာကို သတိပြုမိပါတယ်။ အဲဒါကြောင့် သူမက သူမ ရရှိထားတဲ့ အနေအထားကို အသုံးပြုပြီး ကံမကောင်းသူတွေအတွက် အခွင့်အလမ်း တံခါးတွေ ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမက တောင်အာဖရိကနိုင်ငံက Johannesburg တက္ကသိုလ်မှာ နေရာအလုံအလောက် မရှိတဲ့အတွက် လူဦးရေ ကန့်သတ်ပြီး လက်ခံရတဲ့ အကြောင်းလေးကို ဥပမာအဖြစ် ပြောပြပါတယ်။ ကျောင်းဝင်ခွင့် စာရင်းသွင်းရမယ့် နေ့မှာ ဝင်ခွင့် ရဖို့အတွက် လူတွေက ကျောင်းဂိတ်တံခါးဝမှာ ညကတည်းက စောင့်ခဲ့ကြရာက တစ်မိုင်လောက်ရှည်တဲ့  လူတန်းကြီး ဖြစ်နေခဲ့ပါတယ်။ ဂိတ်တံခါး စဖွင့်ချိန်မှာ လူတွေ အလုအယက် တွန်းကြတိုးကြရင်းက မိမိသား ကျောင်းတက်ခွင့် ရဖို့ လာစောင့်နေတဲ့ မိခင်တစ်ဦး လူနင်းခံရပြီး သေဆုံးသွားခဲ့ပါတယ်။ လူ နှစ်ဆယ်ကျော်လဲ ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒါက ၂၀၁၂ခုနှစ်ထဲမှာတင် ဖြစ်ခဲ့တာပါ။ တကယ်တော့ တောင်အာဖရိကနိုင်ငံလိုမျိုးမှာတင် မဟုတ်ပါဘူး။ သူမ နေထိုင်တဲ့ အမေရိကန်နိုင်ငံလိုမျိုးမှာတောင် တက္ကသိုလ်တွေ များစွာ ရှိပေမယ့် လက်လှမ်းမမီနိုင်၊ မတက်နိုင်သူတွေ တစ်ပုံတစ်ပင် ရှိနေကြပါတယ်။ အဆင့်မြင့်ပညာ သင်ကြားရေးစရိတ်က အလွန်မြင့်မားလာတဲ့ အတွက် လူအတော်များများက မတတ်နိုင်ကြပါဘူး။ 

သူမနဲ့ အတူ ကိုဆာရာကို တည်ထောင်ခဲ့တဲ့ Andrew Ng က စတန်းဖို့ဒ်တက္ကသိုလ်မှာ Machine Learning ဆိုတဲ့ အတန်းကို သင်ရင် တက်တဲ့ကျောင်းသားက ၄၀၀ ရှိပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်မှာ အဲဒါကို သင်ပေးတော့ အဲဒီ အတန်းကို တက်သူက တစ်သိန်း ရှိပါတယ်။ အဲဒီလို လူဦးရေကို ရောက်အောင် စတန်းဖို့ဒ်တက္ကသိုလ်က စာသင်ခန်းထဲမှာ ချည်းပဲ သင်နေမယ်ဆိုရင် နှစ်ပေါင်း ၂၅၀ သင်မှသာ ရနိုင်မယ်လို့ သူမက ထောက်ပြပြောဆိုပါတယ်။ အဲဒီလို သက်ရောက်မှုတွေကို တွေ့ပြီးတဲ့အခါ သူမနဲ့ Andrew Ng က အင်တာနက်ပေါ်က ပို့ချမှုတွေကို တိုးချဲ့ဖို့ လိုအပ်နေပြီလို့ နားလည်ခဲ့ကြပါတယ်။ အရည်အသွေးအမြင့်ဆုံး ပညာရေးတွေကို လူများများထံ ရောက်နိုင်သမျှ ရောက်အောင် ပို့ပေးဖို့အတွက် သူမတို့ ကြိုးစားကြည့်ကြမယ်လို့ ဆုံးဖြတ်ပြီး ဒီ ကိုဆာရာကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကိုဆာရာရဲ့ ပန်းတိုင်က ကမ္ဘာပေါ်မှာ ရှိသမျှ လူတွေ အားလုံးထံကို အကောင်းဆုံး တက္ကသိုလ်တွေက အကောင်းဆုံးသင်ကြားပို့ချသူတွေရဲ့ အကောင်းဆုံး အတန်းတွေကို အခမဲ့ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။ 

သူမ အဲဒီ တက်ဒ်တော့ကို ပြောဆိုချိန်မှာ ကိုဆာရာမှာ သင်ကြားပို့ချပေးနေတဲ့ တက္ကသိုလ် လေးခုပဲ ရှိပါသေးတယ်။ တက်ရောက်သူတွေထဲမှာ စတန်းဖို့ဒ် တက္ကသိုလ်လို အရည်အသွေးမျိုးနဲ့ သင်ကြားပို့ချမှုတွေကို သာမန်အားဖြင့် လက်လှမ်း မမီနိုင်မယ့် အန္ဒိယနိုင်ငံ၊ မြို့သေးသေးလေးက လူလဲ ပါပါတယ်။ အလုပ်တစ်ဖက်နဲ့ ဝင်ငွေရှာရင်း ကလေးတွေကို ပြုစုစောင့်ရှောက်နေရလို့ ကျောင်းမတက်နိုင်တဲ့ မိခင်လဲ ပါပါတယ်။ ကိုယ်ခံအားလျော့နည်းနေတဲ့ မိမိရဲ့ ကလေးကို ရောဂါပိုး ကူးစက်မှာ စိုးရိမ်ပြီး အပြင်မထွက် ကျောင်းမတက်ရတဲ့ ဖခင်လဲ ပါပါတယ်။ အခု အဲဒီကလေးလေးက နေကောင်းသွားပြီး ဖခင် ဖြစ်သူက ကိုဆာရာ အတန်းတွေက ရတဲ့ လက်မှတ်တွေနဲ့ အလုပ်ရှာလို့ ရခဲ့ကြောင်းကိုလဲ သူမက ပြောပြပါတယ်။ သူမက အဲဒီဟောပြောချက်နဲ့ နာမည်ကြီး တက္ကသိုလ်တွေရဲ့ နှလုံးသားတွေကို လှုပ်နှိုးပြီး အင်တာနက်ပေါ်မှာ အခမဲ့ ပို့ချမှုတွေကို အလှူခံခဲ့ပါတယ်။ 

သင်ကြားပို့ချတဲ့ ပုံစံက အပတ်စဉ်တိုင်းမှာ ရက်တစ်ရက် သတ်မှတ်ပြီး ပို့ချနေတဲ့ အတန်းက ဗွီဒီယို အသစ်တွေ တင်ပေးပါတယ်။ အတန်းတက်သူတွေက အဲဒီဗွီဒီယိုတွေကို ကိုယ်အားတဲ့ အချိန်တွေမှာ ကြည့်နိုင်ကြပါတယ်။ အဲဒီနောက်မှာ ပေးထားတဲ့ အိမ်စာတွေကို လုပ်ကြရပါတယ်။ အဲဒီအိမ်စာတွေအတွက် နောက်ဆုံးတင်ရမယ့် ရက်ကို သတ်မှတ်ထားပြီး တင်တဲ့ အိမ်စာတွေကို အမှန်တကယ် အမှတ်ပေးပါတယ်။ အဲဒီအတန်းက ပေးတဲ့ အိမ်စာတွေကို မှန်မှန်လုပ်ပြီး သတ်မှတ်ထားတဲ့ အောင်တဲ့ အနေအထားကို ရရင် အောင်လက်မှတ်ထုတ်ယူလို့ ရပါတယ်။ အဲဒီအောင်လက်မှတ်တွေကို ကမ္ဘာ့တက္ကသိုလ်တွေကို သွားတက်တဲ့ အချိန်တွေမှာ၊ အလုပ်လျှောက်တဲ့ နေရာတွေမှာ အမှန်တကယ် သုံးလို့ ရပါတယ်တဲ့။

ဒါပေမယ့် အခုအချိန်မှာတော့ အောင်လက်မှတ်တွေက အခမဲ့ မဟုတ်တော့ပါဘူး။ လိုချင်ရင် ကန်ဒေါ်လာ ၄၅ ပေးရပါတယ်။ လက်မှတ်မလိုချင်ဘဲ သိချင်တတ်ချင်လို့ တက်တဲ့သူတွေ အတွက်ကတော့ ဘာမှ မလိုပါဘူး။ အိမ်စာတွေကို ဝင်မလုပ်ဘဲ ဗွီဒီယိုတွေချည်းပဲ ကြည့်ပြီး လေ့လာလဲ ရပါတယ်။ အိမ်စာတွေ မလုပ်ရင် သင်ယူမှုတွေကို ရရှိမယ့် အဆင့်တော့ ကွာသွားနိုင်ပါတယ်။ အောင်လက်မှတ်လဲ လိုချင်တယ် ပိုက်ဆံလဲ အကုန်မခံချင်ဘူး ဆိုရင် အခြားနည်းလမ်းလေး တစ်ခု ရှိပါတယ်။ အဲဒါက ကိုဆာရာရဲ့ ဘာသာပြန်ပေးသူတွေထဲကို ဝင်ပြီး ဗွီဒီယိုတွေထဲက သင်ကြားပို့ချမှုတွေကို မြန်မာပြန်ပေးလို့ ရပါတယ်။ စာလုံးရေ ၂၅၀၀၀ ပြန်ပေးနိုင်တိုင်းမှာ အတန်းတစ်တန်းရဲ့ အောင်လက်မှတ်ကို ရဖို့ ၄၅ဒေါ်လာအစား သုံးနိုင်မယ့် ကုဒ်တစ်ခု ရပါမယ်။ အင်တာနက်ပေါ်မှာ တိုက်ရိုက်ပြန်ပေးရမှာမို့ အဲဒီအတွက်ကတော့ ကွန်ပျူတာနဲ့ အင်တာနက် အချိန်ကြာကြာ သုံးစွဲဖို့ လိုအပ်ပါမယ်။ ခြွင်းချက်အနေနဲ့ အောင်လက်မှတ် မပေးနိုင်ဘူးဆိုတဲ့ အတန်းတွေလဲ ရှိလာပါပြီ။ အတန်းတစ်ခုတိုင်းရဲ့ စာမျက်နှာမှာ သူတို့ ပေးမှာ၊ မပေးမှာတွေကို အသေးစိတ် ဖော်ပြထားလေ့ရှိပါတယ်။ 

သင်ယူလေ့လာချင်တဲ့ စိတ်နဲ့ အလေ့အကျင့်က မွေးယူလို့ ရပါတယ်။ နေ့စဉ် အချိန်အနည်းငယ်ပေးပြီး သင်ယူလေ့လာတဲ့ အကျင့်ကို စတင်မွေးရင် ကာလတစ်ခု ကြာလာတဲ့ အခါ အဲဒီအလေ့အကျင့်က မိမိရဲ့ မသိစိတ်ထဲ ဝင်သွားပြီး အားစိုက်စရာမလိုတော့တဲ့ အလေ့အထ တစ်ခု ဖြစ်သွားနိုင်ပါတယ်။ အသစ် သင်ယူလေ့လာမှုတွေက ဦးနှောက်ကိုသာမက၊ ရုပ်ကိုပါ နုပျိုစေနိုင်ပါတယ်။ တစ်နေ့ကို ဗွီဒီယိုလေး တစ်ခု ဒါမှမဟုတ် ဆယ်မိနစ်စာလောက်ကလေး ပုံမှန် ကြည့်ရင်းကနေ တစ်နှစ်ကြာတဲ့အခါ သိသိသာသာ အသိဉာဏ် ကွာဟသွားတဲ့ အနေအထားမျိုးကို ရောက်ရှိနိုင်ပါတယ်။ ကိုဆာရာက ပေါ့ပေါ့ကလေး လေ့လာချင်သူတွေ အတွက် အဆင်ပြေသလို၊ ကျောင်းတက်သလို သေသေချာချာ လေ့လာချင်သူတွေအတွက်လဲ အဆင်ပြေတာကြောင့် မသိသေးသူတွေ သိနိုင်အောင် သတင်းမျှဝေခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ လူတိုင်း လက်လှမ်းမီနိုင်မယ့် အနေအထားမျိုးမှာ မရှိသေးပေမယ့် လက်လှမ်းမီနိုင်တဲ့ သူတွေ ရှိနေပြီဖြစ်တဲ့အတွက် ဒီစာကို ရေးခြင်း ဖြစ်ပါတယ်။ အဲဒီအင်တာနက် စာမျက်နှာကိုတော့ www.coursera.org မှာ ကြည့်လို့ ရပါတယ်။ 

(ညွှန်း - www.coursera.org, Daphne Koller's tedtalk)

မေလ ၂၇၊ ၂၀၁၅ထုတ် Daily Eleven မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။