Showing posts with label PTSD. Show all posts
Showing posts with label PTSD. Show all posts

Sunday, November 5, 2023

The Invisible Scars!

Today, I find myself contemplating about childhood trauma. Numerous factors can subject a child to psychological trauma, ranging from relatively mild experiences to severe atrocities. While some individuals may exhibit resilience in the face of certain adversities, others may not. In this vast world, brimming with both wonder and cruelty, childhood traumas are sadly not uncommon in human society.

I'm reminded of a child who was separated from her mother when she was less than a year old. She was reunited with her mother after three long years, and since it was just a few months of being back together, she yearned for her mother's attention. That very night, witnessing her parents together for the first time in her life, she yearned for their affection and reassurance of their love, despite the years of separation. While a child can easily fall asleep within an hour, the adults lacked the patience to accommodate the child's need to sleep with her mother. As a result, she faced harsh punishment and was made to believe it was her own fault for seeking her mother's presence until she reached adulthood.

She was oblivious to the harmful social beliefs prevailing around her. Being a girl and the firstborn child brought with it societal disapproval. Moreover, her birth on a particular day of the week carried a significant stigma for a firstborn child. Unbeknownst to her, she had already undergone ordeals aimed at mitigating the perceived harm she could bring to her family. These included practices such as symbolic selling to a monk and various rituals.

During her childhood, she bore witness to gender-based violence inflicted upon people dear to her. The first instance occurred when she was too young to comprehend the situation fully, but she sensed that something was profoundly amiss and felt a pervasive sense of insecurity. 

The second time, she was old enough to understand the gravity of the situation. What's worse, she was cursed by the victim, who believed she would be the one to pay back for what they had endured. She was too young to shield her emotions, and even though she tried to forget that curse, it penetrated deep into her mind and continued to affect her throughout her life.

The last incident took place with someone who slept just two arm lengths away from her. At the time, she was unaware of it, only learning about it later. This revelation left her with a burden of guilt and insecurity, ultimately leading her to suppress these memories.

Secondhand trauma can also leave a profound impact on a child's psyche, yet many people are not aware of its effects. In recent times, numerous distressing stories are emerging within society, and sadly, these narratives often seem to hold little significance for the community. There exists an expectation for everyone to exhibit strength, resilience, and rapid healing.

These are the thoughts occupying my mind these days.

A Picture Created With An AI

Saturday, December 14, 2019

စိတ်ဒဏ်ရာအကြောင်း တစေ့တစောင်း

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန်နိုင်ငံက စိတ်ပညာရှင် ဒေါက်တာဘက်ကာစီဂျွန်ဆန် (Becca C. Johnson) ရဲ့ စိတ်ဒဏ်ရာအကြောင်း ၂ရက်တာ သင်တန်းကလေးကို ကံကောင်းစွာ တက်ခွင့်ရပါတယ်။ အခြေခံမိတ်ဆက်သဘောကလေး သိလိုက်ရတာနဲ့တင် အလွန်ကို အကျိုးရှိခဲ့တဲ့အတွက် ကျွန်မ သင်ယူရရှိလိုက်တာတွေထဲက အနည်းငယ်ကို ပြန်လည် မျှဝေပေးချင်ပါတယ်။

အမေရိကန်နိုင်ငံ၊ စိတ်ဒဏ်ရာတွေ အကြောင်း သိနားလည်စွာ စောင့်ရှောက်မှုပေးတဲ့ စင်တာ (National Center on Trauma-Informed Care) က စိတ်ဒဏ်ရာအကြောင်းကို အခုလို ပြောထားပါတယ်။ စိတ်ဒဏ်ရာဆိုတာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု ကြုံတွေ့ခြင်း ဖြစ်ပြီး မိမိမှာ ဘာစွမ်းအင်မှ မရှိတော့သလို ခံစားရခြင်း၊ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ကြိမ်ဖန်များစွာ ခံစားရခြင်း၊ အမြဲတမ်း သတိအနေထားနဲ့ နေထိုင်နေရခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်တဲ့။ စိတ်ဒဏ်ရာ ကြုံတွေ့စေခဲ့တဲ့ အတွေ့အကြုံက လူမဆန်တဲ့ အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ မိမိ ယုံကြည်ရတဲ့သူတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေရဲ့ သစ္စာဖောက်မှုကို ခံစားရခြင်း၊ လုံခြုံမှု ဆုံးရှုံးခြင်း စတာတွေ ပါဝင်နိုင်ပါတယ်။ 

ကျွန်မတို့ စိတ်ဒဏ်ရာတွေ အကြောင်းကို နားလည်သိရှိဖို့ လိုအပ်ကြရခြင်းက စိတ်ဒဏ်ရာ ခံစားရထားသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာမှာ ဖြစ်စေ၊ ကူညီမှုတွေ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ အဲဒီအချက်တွေကို သိမထားရင် ထိရောက်မှု လျော့နည်းတတ်တဲ့အတွက် ဖြစ်ပါတယ်။ စိတ်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ နာမကျန်းဖြစ်တဲ့ လက္ခဏာတွေကို သတိမပြုမိရင် ကုသမှုတွေ လွဲချော်နိုင်ပါတယ်။ စိတ်ဒဏ်ရာ ရရှိထားသူတွေကို အကူအညီပေးရာမှာ စိတ်ဒဏ်ရာတွေ အကြောင်း ထည့်စဉ်းစားပြီး ဦးတည်ဆောင်ရွက်မှု မပြုခဲ့ရင် ထပ်မံ အနိုင်ကျင့်ခံရမှုတွေ၊ အမြတ်ထုတ်ခံရမှုတွေကို ကြုံရတတ်ကြောင်း သုတေသနတွေမှာ လေ့လာ တွေ့ရှိထားပါတယ်။ စိတ်ဒဏ်ရာ ရရှိခြင်းဆိုတာက ခန္ဓာကိုယ်က အရိုးတစ်ခုခု ကျိုးသွားခြင်းနဲ့ အလားသဏ္ဍာန်တူပါတယ်။ အရိုး ပြန်မဆက်မခြင်း ကောင်းမွန်စွာ လှုပ်ရှားဆောင်ရွက်လို့ မရသလိုဘဲ၊ စိတ်ဒဏ်ရာ မကျက်မခြင်း ဘဝကို ပုံမှန်လည်ပတ်နိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ 

စိတ်ဒဏ်ရာတွေက ပုံစံအမျိုးမျိုးနဲ့ ရောက်လာတတ်ပါတယ်။ အဲဒီအထဲမှာ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းစတဲ့ သဘာဝဘေးအန္တရာယ် ခံစားရခြင်းလို အရာမျိုးတွေလဲ ပါဝင်ပါတယ်။ အရေးအခင်းကာလတွေကို ကျော်ဖြတ်ရတဲ့ အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုကို နိုင်ငံနဲ့ ချီပြီး ခံစားရတတ်ပါတယ်။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခံရမှုတွေ စတာတွေကလည်း လူအများကို စိတ်ဒဏ်ရာ ရစေနိုင်တဲ့ အနေအထားတွေ ဖြစ်ပါတယ်။ ကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ မတော်မတရားပြုလုပ်ခြင်း၊ လျစ်လျူရှုထားခြင်း၊ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုလုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုလုပ်ခြင်းတွေကနေ စိတ်ဒဏ်ရာတွေ ရရှိစေနိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်ခံရခြင်း၊ ပြင်းထန်တဲ့ ရုတ်တရက် ထိခိုက်ဒဏ်ရာရမှုတွေ ကြုံတွေ့ရခြင်း၊ ရုတ်တရက်သေဆုံးမှုကို မျက်မြင်ကိုယ်တွေ့ကြုံရခြင်း၊ မိမိရင်းနှီးသူ ဒါမှမဟုတ် ချစ်ခင်သူ အသေဆိုးနဲ့ သေဆုံးခြင်း၊ မတရားဖမ်းဆီးအကျဉ်းချခံရခြင်း၊ မိဘတွေ ကွာရှင်းပြတ်စဲခြင်း၊ မိမိကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးမှာ ကွာရှင်းပြတ်စဲမှု ကြုံရခြင်း၊ အိမ်ထောင်ဘက် သစ္စာဖောက်ခြင်း၊ နှိပ်စက်ညှဉ်းပမ်းခံရခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု၊ အသတ်ခံရမှု စတာတွေ ကြုံရခြင်း၊ မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိရဲ့ သားသမီး ပြန်ပေးဆွဲခံရခြင်း စတာတွေကလည်း စိတ်ဒဏ်ရာ ရစေတဲ့ အကြောင်းအချက်တွေထဲမှာ ပါဝင်ပါတယ်။ 

စိတ်ဒဏ်ရာ ရစေတဲ့ အခြေအနေတွေကို ကြုံတွေ့ရတဲ့အခါ ကျွန်မတို့က စိတ်ရှုပ်ထွေးသွားတတ်ပါတယ်။ ဟုန်သွားတတ်ပါတယ်။ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့ထိတ်လန့်မှု၊ ဒေါသဖြစ်မှု၊ ဝမ်းနည်းမှု ဒါမှမဟုတ် ရွံရှာမှုတွေကို ခံစားရတတ်ပါတယ်။ တုံ့ပြန်မှုက တစ်ဦးနဲ့ တစ်ဦး မတူပါဘူး။ ပုံစံသုံးမျိုး တွေ့နိုင်ပါတယ်။ အဲဒါက အဲဒီအနေအထားက ထွက်ပြေးမယ်(Flight)၊ ဒါမှမဟုတ် ပြန်ပြီး ခုခံတိုက်ခိုက်မယ်(Fight)၊ ဒါမှမဟုတ် ကြက်သေသေသွားပါမယ်(Freeze)။ အချို့သူတွေက အော်ဟစ်တာမျိုး ပြုလုပ်တတ်ပေမယ့် တချို့သူတွေက လုံး၀ တိတ်ဆိတ်ငြိမ်သက်သွားတတ်ကြပါတယ်။ ကျွန်မတို့ သေသေချာချာ သိနားလည်ထားရမှာက တုံ့ပြန်ပုံက တစ်ယောက်နဲ့ တစ်ယောက် မတူညီဘူး ဆိုတာပါ။ အဲဒီလို မဟုတ်ရင် ထိခိုက်ခံစားရသူအပေါ်မှာ အပြစ်တင်တတ်ကြပါတယ်။ ကြက်သေသေ သွားတတ်တဲ့ တုံ့ပြန်မှုနဲ့ သူတွေကို "ဒီလို ကြုံရတာကို ဘာလို့ ငြိမ်ခံနေသလဲ"လို့ ပြောမိတတ်ကြပါတယ်။ ကြက်သေသေသွားတဲ့ တုံ့ပြန်မှုနဲ့ သူတွေက ဖြစ်သွားတဲ့ အဖြစ်အပျက်တွေအတွက် သူတို့ အပြစ်ရှိတယ်လို့ ပိုမိုခံစားတတ်ကြတဲ့သူတွေ ဖြစ်ကြောင်း ကျွန်မတို့ သိနားလည်ထားဖို့ လိုအပ်ပါတယ်။ 

စိတ်ဒဏ်ရာ ခံစားရခြင်းအတွက် ကူညီရာမှာ သဘာဝဘေးအန္တရာယ် ကြုံရခြင်းလို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ ပါဝင်ခြင်း မရှိတဲ့ အရာမျိုးတွေကို ကြုံရသူတွေအတွက် အကူအညီပေးရတာ ပိုမို လွယ်ကူပါသတဲ့။ လူပုဂ္ဂိုလ်တစ်ဦးက တစ်ကြိမ်ဆောင်ရွက်မှုမျိုး၊ ဥပမာ တစ်ကြိမ် အဓမ္မပြုကျင့်ခံရခြင်းလိုမျိုးတွေကို အကူအညီပေးရတာ အနည်းငယ် ပိုခက်ခဲပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးက တစ်ကြိမ်ထက် ဆောင်ရွက်မှုမျိုး ဥပမာ- အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရခြင်းလို အနေအထားမျိုးက အဲဒီထက် ပိုပြီး ခက်ခဲပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးထက် ပိုတဲ့ သူတွေက တစ်ကြိမ်ထက် ဆောင်ရွက်မှုမျိုးတွေကို ခံစားရတဲ့ အနေအထားကတော့ ကူညီဖို့ အခက်ဆုံး အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် ကူညီသူတွေအနေနဲ့ စိတ်ဒဏ်ရာ ရရှိထားသူ ဘယ်သူမဆို စိတ်ဒဏ်ရာ ကျက်ပြီး အဲဒီအခြေအနေတွေကို ကျော်လွှားသွားဖို့ ဖြစ်နိုင်တယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်ထားဖို့ လိုအပ်လို့ ဒေါက်တာ ဘက်ကာက ဆိုပါတယ်။ 

စိတ်ဒဏ်ရာ ခံစားရသူတွေ ကြုံရလေ့ ရှိတဲ့ လက္ခဏာတွေထဲမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲ ရှိလာခြင်းတွေ ပါဝင်ပါတယ်။ ယုံကြည်မှု ထိခိုက်ခြင်း၊ လူမှုရေး စည်းဘောင်တွေကို နားလည်မှု ထိခိုက်ခြင်း၊ လိုက်လျောညီထွေရှိမှု ထိခိုက်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဇီဝပိုင်းဆိုင်ရာမှာ နာမကျန်းဖြစ်မှု များပြားခြင်း၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ခံစားရခြင်းတွေ ဖြစ်တတ်ပါတယ်။ စိတ်ခံစားချက်ပိုင်းမှာ မိမိခံစားချက်ကို မိမိ သိမြင်ဖို့ ခက်ခဲခြင်း၊ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ ခက်ခဲခြင်းတွေ ကြုံရတတ်ပါတယ်။ သိစိတ် အခြေအနေ ပြောင်းလဲခြင်း၊ အတိတ်မေ့ခြင်း၊ မိမိ ဘယ်သူဘယ်ဝါဆိုတာကို မေ့လျော့ခြင်း၊ သိမြင်နားလည်မှု ပုံပျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အပြုအမူပိုင်းဆိုင်ရာ အနေနဲ့ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း လျော့နည်းခြင်း၊ စားသောက်မှု ပုံစံ ပျက်ယွင်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရန်လိုခြင်း၊ ဆန့်ကျင်ခြင်း၊ ဒါမှမဟုတ် အလျှော့ပေးလိုက်လျောလွန်းခြင်း၊ မိမိကိုယ်မိမိ ဖျက်လိုဖျက်ဆီး လုပ်ခြင်း စတာတွေကို ဆောင်ရွက်တတ်ပါတယ်။ သိမြင်နားလည်မှုပိုင်းမှာ သိမြင်မှုနဲ့ နားလည်မှုတွေမှာ ပြဿနာရှိလာခြင်း၊ အချိန်ကြာကြာအာရုံစူးစိုက်နိုင်စွမ်း မရှိခြင်းတွေ ကြုံရတတ်ပါတယ်။ မိမိကိုယ်မိမိ နားလည်မှု အပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုလျော့နည်းခြင်း၊ အပြစ်ရှိတယ်လို့ ခံစားရခြင်း၊ ရှက်ခြင်းတွေ ကြုံတွေ့ခံစားရတတ်ပါတယ်။ 

စိတ်ဒဏ်ရာ ခံစားရသူတွေမှာ စိတ်ဒဏ်ရာ ရစေခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အတူ ဆုံးရှုံးလိုက်ရတဲ့ အရာတွေလည်း ရှိကြောင်း အသိအမှတ်ပြု နားလည်ဖို့ လိုအပ်ပါတယ်။ ဆုံးရှုံးတဲ့ အရာတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ ပါဝင်နိုင်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေ ပါဝင်နိုင်ပါတယ်။ ပစ္စည်းဥစ္စာ၊ ငွေကြေးစတဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်နိုင်ပါတယ်။ ဂုဏ်သိက္ခာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ သူတစ်ပါးကို ယုံကြည်မှု၊ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေလည်း ပါဝင်သွားတတ်ပါတယ်။ ပညာရေး၊ ဖြူစင်မှု၊ အနာဂတ်၊ ရောင့်ရဲမှု၊ မိမိ ဘယ်သူဆိုတဲ့ ခံစားမှု စတာတွေလည်း ပါဝင်နိုင်ပါတယ်။ အဲဒါတွေက ဆုံးရှုံးလိုက်ရတဲ့ သူတွေအတွက် လွယ်ကူလှတဲ့ အရာတွေ မဟုတ်ပါဘူး။ 

စိတ်ဒဏ်ရာကြောင့် သိမြင်နားလည်မှု၊ ယုံကြည်မှု ပုံပျက်ခြင်းတွေ ဖြစ်ပေါ်ရာက အတွေးတွေလည်း ပုံပျက်လာပါတယ်။ ရလဒ်အနေနဲ့ ဆိုးရွားတဲ့ ခံစားမှုတွေနဲ့ ကောင်းမွန်ခြင်း မရှိတဲ့ အပြုအမူတွေ ဖြစ်ပေါ်လာတတ်ပါတယ်။  ဒေါက်တာဘက်ကာရဲ့ လူနာအမျိုးသမီးလေးတစ်ဦးက အဓမ္မပြုကျင့်ခံခဲ့ရသူ ဖြစ်တဲ့အတွက် သူ့ကိုယ်သူ အလွန်ညစ်ပတ်နေတယ်လို့ ခံစားခဲ့ရပါသတဲ့။ အဲဒီအတွက် သူက နေ့စဉ် တစ်နေ့ကို ရေသုံးကြိမ်ချိုးပါသတဲ့။ ဒေါက်တာဘက်ကာရဲ့ ဆွေးနွေးမှုတွေကို ကာလအတိုင်းအတာ တစ်ခုအထိ ရရှိပြီးချိန်မှာ ရေချိုးတဲ့ အကြိမ်အရေအတွက် သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ ယုံကြည်မှု ပုံပျက်ခြင်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်တွင်းက ပြောနေတဲ့ စကားတွေကို ဒေါက်တာဘက်ကာက "လိမ်ညာမှုတွေ"လို့ ခေါ်ပါတယ်။ စိတ်ဒဏ်ရာ ရသူတွေကို ကျွန်မတို့ ကူညီရမယ့်အပိုင်းထဲမှာ အဲဒီ လိမ်ညာမှုတွေကို မယုံကြည်ဖို့ ပါဝင်ပါတယ်။ လိမ်ညာမှုတွေထဲမှာ "ငါက တန်ဖိုး မရှိတဲ့သူ၊ ဒီဘဝနဲ့ မတန်တဲ့သူ၊ အရာရာက ငါ့ရဲ့ အမှား၊ ဘယ်သူမှ ငါ့ကို အလေးမထားဘူး၊ ဒီလိုဖြစ်ဖို့ ငါရွေးချယ်ခဲ့တာ၊ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်၊ ငါ့ဘဝက ဘာမှ ပိုကောင်းလာဖို့ မရှိတော့ဘူး" စတဲ့ အတွေးတွေ ပါဝင်နိုင်ပါတယ်။ စိတ်ဒဏ်ရာ ရထားတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ အဖွဲ့လိုက် ဆွေးနွေးမျှဝေကြတဲ့ စကားဝိုင်းတစ်ခုမှာ တွေ့ဆုံမှု တစ်ခု ပြီးဆုံးတိုင်း "ငါတို့ အလိမ်အညာတွေကို မယုံဘူး" ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ လက်စသတ်ကြလေ့ရှိပါသတဲ့။ 

နိုင်ငံကြီးတွေမှာ စိတ်ဒဏ်ရာ ရရှိထားသူတွေအတွက် အကူအညီ ရယူစရာ ပညာရှင်တွေ၊ အဖွဲ့လိုက် ဆွေးနွေးမျှဝေနိုင်တဲ့ နေရာတွေ၊ အဖွဲ့အစည်းတွေ များစွာ ရှိပေမယ့် ကျွန်မတို့ နိုင်ငံမှာ အဲဒီလို အရင်းအမြစ်တွေကို လက်လှမ်းမီနိုင်မှု အလွန်ကို နည်းပါးနေပါသေးတယ်။ သို့ပေမယ့် စိတ်ဒဏ်ရာတွေအကြောင်း သိမြင်နားလည်ခြင်းက စိတ်ဒဏ်ရာတွေကို ကျော်လွှားနိုင်ဖို့ အတိုင်းအတာ တစ်ခုအထိ အထောက်အကူ ဖြစ်နိုင်တယ်လို့ သိရှိရတဲ့အတွက် အခုလို ရေးသားမျှဝေပေးခြင်းဖြစ်ပါတယ်။ 

ကျွန်မတို့ နိုင်ငံမှာ ကြုံတွေ့ဖြတ်သန်းရတဲ့ နိုင်ငံရေးအခြေအနေ၊ သဘာဝဘေးအန္တရာယ်၊ ပြည်တွင်းစစ်၊ ကလေးသူငယ်တွေကို ပြုစုပျိုးထောင်ပုံ စတာတွေကြောင့် စိတ်ဒဏ်ရာတွေကို အနည်းနဲ့ အများ ကြုံတွေ့ခံစားဖူးကြမယ်လို့ ယူဆပါတယ်။ အခိုက်အတန့် ခံစားရပြီး ဒဏ်ရာကျက်ခဲ့သူတွေ ရှိနိုင်သလို၊ ဆက်လက် အကူအညီ လိုနေဆဲသူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ စိတ်ဒဏ်ရာတွေ ကျန်ရှိနေခြင်းက ပျော့ညံ့ခြင်း မဟုတ်ပါဘူး။ ကိုယ်တိုင် ခံစားရသူ ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ ဒီလို ခံစားရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ကြောင်း သိရှိဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် ခံစားရသူ မဟုတ်ရင် ခံစားနေရသူတွေကို အပြစ်မတင်ဘဲ နားလည်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ တစ်ဦးချင်းစီမှာ ရှိတဲ့ ဒဏ်ရာတွေ ကျက်ပါမှ နိုင်ငံအတွက် ဒဏ်ရာတွေ ကျက်နိုင်ပါလိမ့်မယ်။ စိတ်ဒဏ်ရာတွေကို ကျော်လွှားသွားနိုင်တဲ့အခါ ပိုမိုသန်စွမ်းလာပြီး တစ်ဦးချင်းစီရဲ့ ထည့်ဝင်ဆောင်ရွက်နိုင်စွမ်းတွေ ပိုမိုမြင့်မားကောင်းမွန်လာမယ်လို့ ယုံကြည်ယူဆမိပါတယ်။ 
(အောက်တိုဘာ၁၂ရက် ၂၀၁၆ထုတ် Daily Eleven မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။)

Tuesday, October 15, 2019

"ဒီနေ့"

ဒီနှစ်ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရဲ့ ခေါင်းစဉ်က"မိမိကိုယ်ကို အဆုံးစီရင်မှုကို ကာကွယ်ဖို့" ဖြစ်တာမို့ အဲဒီအထိမ်းအမှတ်အနေနဲ့ ဒီစာမူလေးကို ပြန်ဆွဲထုတ်ပြီး ဒီမှာ တင်လိုက်တာပါ၊

အဲဒီဖြစ်ရပ်ကို ရေးသားခဲ့တဲ့ ရည်ရွယ်ချက်က အလားတူ ဖြစ်ရပ်တွေ ထပ်မံ မဖြစ်ပွားအောင် ကာကွယ်နိုင်ဖို့၊ သတိပြုမိစေကြဖို့ ဖြစ်ပါတယ်။
***

တစ်ချိန်ကတော့ "ဒီနေ့"ကို သူမ မြင်ခွင့်ရမယ်လို့ မထင်ခဲ့မိပါ။ စိတ်ဖိစီးမှုတွေ များပြားလွန်းပြီး စိတ်ထွက်ပေါက် ကင်းမဲ့နေခဲ့တဲ့ ဆယ်ကျော်သက်ကာလက သူမရဲ့ ဒီအသက် ဒီအရွယ်မှာ ဒီအခြေအနေမျိုးနဲ့ ရှိနေလိမ့်မယ်လို့ သူမကိုယ်သူမ ဘယ်လိုမှ မြင်ယောင်ကြည့်လို့ မရခဲ့ပါ။ ယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့ရင် သူမ အိမ်က ထွက်ပြေးမိလိမ့်မယ်လို့ မကြာခဏတွေးဖြစ်ခဲ့ပါတယ်။ ယောက်ျားလေးတစ်ယောက် မဟုတ်ခဲ့သူမို့ ခေတ်ကာလအခြေအနေအရ ရွေးချယ်စရာ နည်းပါးလွန်းတဲ့ အထဲက ထိခိုက်မှုအနည်းပါးဆုံးလို့ မြင်မိတဲ့ တစ်စုံတစ်ရာကို သူမ ရွေးချယ်ခဲ့တာပဲလို့ အခုအချိန်မှာ သဘောပေါက်မိပါတယ်။ အိမ်က ထွက်ပြေးရာက အဲဒီလို ဖြစ်သွားခဲ့တာ ဆိုတဲ့ လိင်အလုပ်သမလေးတွေနဲ့ တွေ့ရတိုင်း "ခြေတစ်လှမ်းမှားခဲ့ရင် ဒါငါရောက်သွားနိုင်တဲ့ ဘဝပဲ"လို့ တွေးရင်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖြစ်ခဲ့ပါတယ်။

စိတ်ကူးယဉ်အချစ်ဝတ္ထုတွေ၊ စုံထောက်ဝတ္ထုတွေ၊ ဟာသတွေကလွဲလို့ ဘာစာမှ မဖတ်နိုင်အောင် စိတ်ဖိစီးနေတဲ့ ကာလတစ်ခု၊ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် တက္ကသိုလ်ဆက်တက်သင့်တဲ့အချိန်မှာ တက်ခွင့်မရတဲ့ကာလတစ်ခုမှာ သူမရဲ့တစ်ခုတည်းသော စိတ်ထွက်ပေါက်က ခရိုးရှေးလို့ခေါ်တဲ့ တစ်ချောင်းထိုးထိုးခြင်းပါ။ ငြိမ်ငြိမ်သက်သက်ထိုင်ပြီး အကွက်ကလေးတွေကို ပုံဖော်ရင်း အရာရာကို မေ့လျော့မျောလွင့်နေတဲ့ ဘဝကို သူမ အလွန်နှစ်ခြိုက်ပါတယ်။ သူမ လက်နဲ့ ဖန်တီးရင်း ဖြစ်သွားခဲ့တဲ့ အင်္ကျီ၊ တီဗွီအုပ်တဲ့အစ၊ ဖန်ခွက်တင်တဲ့အစကလေးတွေက သူမဘဝကို အဓိပ္ပာယ် ရှိနေသလို ခံစားရစေခဲ့ပါတယ်။ သို့ပေမဲ့ အဲဒါက သူမရဲ့ အုပ်ထိန်းသူတစ်ဦးအတွက် ဘာကြောင့်မှန်း မသိဘဲ အလွန်အမင်း မုန်းတီးစရာ ဖြစ်နေခဲ့ပါတယ်။ အဲဒီအစား အလားတူလို့ ယူဆရတဲ့ စက်ချုပ်သင်မှုကိုသာ လိုလားတဲ့အတွက် သူမ အိမ်ထဲက အိမ်ပြင်ထွက်ပြီး စက်ချုပ်သင်တန်းတက်ခဲ့ရပါတယ်။ အလွန်ကွာခြားတဲ့ ပညာရပ်တစ်ခုကို သူမ စိတ်ဝင်စားဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ စိတ်ဝင်စားလို့ မရခဲ့ပါ။ ဆိုရှယ်မီဒီယာ၊ အင်တာနက်၊ ကွန်ပျူတာဂိမ်း စတာတွေ မရှိသေးတဲ့ ခေတ်ကာလမှာ သူမနဲ့ ရွယ်တူယောက်ျားလေးအချို့ရဲ့ ဖျော်ဖြေမှုက မိန်းကလေးတွေရဲ့ နောက်ကို တကောက်ကောက်လိုက်ပြီး နှောက်ယှက်တာသာ ဖြစ်ခဲ့ပုံရပါတယ်။ အိမ်ထဲက အိမ်ပြင်ထွက်တိုင်း ဘယ်လမ်းကြောင်းက ဘယ်အမြန်နှုန်းနဲ့ သွားရင် အဲဒီလူတွေကို လွတ်နိုင်မလဲလို့ ကြိုတင်တွက်ချက်ရင်း စိတ်ပင်ပန်းဖိစီးမှုတွေ မခံသာအောင် ပိုမိုများပြားလာခဲ့ပါတယ်။ ကာကွယ်စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်ယောက် ရှိရင် သိပ်ကောင်းမှာပဲ ဆိုတာမျိုးတွေကိုလည်း တောင့်တတတ်လာခဲ့ပါတယ်။

အပြင်ထွက်ရင်း အပေါင်းအသင်း မှားရာက အမြင်တွေလည်း မှားယွင်းလာခဲ့ပါတယ်။ ဒီအတိုင်း ဆက်မနေနိုင်တော့ဘူးလို့ ခံစားနေရတဲ့ အခြေအနေထဲက ရုန်းထွက်ဖို့ သူမ ဆုံးဖြတ်ခဲ့မိပါတယ်။ သို့ပေမဲ့ ရုန်းထွက်ပြီး လေးလအကြာမှာတင် ပိုဆိုးတဲ့ဘဝတစ်ခုထဲကို ခုန်ချခဲ့မိပြီ ဆိုတာကို သူမ သိလိုက်ပါတယ်။ အဲဒီအခြေအနေကနေ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရုန်းထွက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး၊ ဒီအတိုင်းလည်း ဘယ်လိုမှ ဆက်မနေနိုင်တော့ဘူးလို့ ခံစားရချိန်မှာ လောကကြီးထဲက အပြီးတိုင် ထွက်ခွာဖို့ သူမ ကြိုးစားဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၈နှစ်က "ဒီနေ့"မှာ။ သို့ပေမဲ့ သေခြင်းတရားက သူမကို လက်မခံခဲ့ပါ။ အခုအချိန်မှာတော့ အဲဒီ၂၈နှစ်တာကာလက သူမအတွက် အပိုဆုရခဲ့တဲ့၊ တန်ဖိုး မဖြတ်နိုင်တဲ့ ကာလတွေလို့ ခံစားရပါတယ်။
အခက်ခဲဆုံး အချိန်တွေကို တစ်ရက်ချင်း ကြိုးစားနေထိုင်ရင်း အချိန်ကာလများစွာကို ဖြတ်သန်းကျော်လွန်နိုင်ခဲ့ပါတယ်။ ဘဝက ခက်ခဲနေဆဲဆိုပေမယ့် သူမ လူ့လောကထဲက ထွက်ပြေးဖို့ ဆုံးဖြတ်ဖြစ်ခဲ့တဲ့ကာလကလောက် မခက်ခဲတော့ပါ။ အခြေအနေတွေက ပြောင်းလဲသွားတတ်ပါတယ်။ လူကလည်း ပြောင်းလဲသွားတတ်ပါတယ်။ အခြေအနေတွေက အနည်းငယ် ပိုမိုကောင်းမွန်လာတတ်သလို၊ လူကလည်း အနည်းငယ် ခံနိုင်ရည် ပိုမိုမြင့်မားလာတတ်ပါတယ်။ ဘဝရဲ့ အဆုံးသတ်မှာတော့ အားလုံး သေဆုံးထွက်ခွာရမှာပါပဲ။ သို့ပေမဲ့ အချိန်မတိုင်မီမှာ အလျင်စလို ထွက်ခွာဖို့ မကြိုးစားသင့်ကြောင်းကို သူမ တစ်စထက်တစ်စ နားလည်သဘောပေါက်လာခဲ့ပါတယ်။

သူမ ထင်မှတ်မထားတဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေနဲ့ သတ္တိတွေကို တဖြည်းဖြည်းချင်း တည်ဆောက်ယူ နိုင်ခဲ့ပါတယ်။ တန်ဖိုးရှိတဲ့စာတွေကို ပြန်လည် ဖတ်နိုင်လာခဲ့ပါတယ်။ ပျော်ရွှင်မှုဆိုတာကို အတိုင်းအတာတစ်ခုအထိ ပြန်လည် ခံစားနိုင်လာခဲ့ပါတယ်။ ကာလတစ်ခုကို ကျော်ဖြတ်ပြီးချိန်မှာ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ သူမ တစ်ချိန်က ရုန်းထွက်လို့ မရနိုင်တော့ဘူးလို့ ယူဆထားတဲ့ အခြေအနေက သူ့ဖာသာသူ ပြောင်းလဲပေါ်ထွက်လာပြီး ရုန်းထွက်ဖို့ကလွဲလို့ တခြားရွေးစရာ မရှိတော့ဘူးဆိုတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။

လှောင်အိမ်ထဲမှာ နှစ်များစွာ ထည့်ထားခံရပြီး လှောင်အိမ်တံခါးဖွင့်ပေးလိုက်ချိန်မှာ ပျံသန်းဖို့ မေ့လျော့နေတဲ့ ငှက်ငယ်လိုပါပဲ။ သူမ လိုလားတောင့်တခဲ့ဖူးတဲ့ လွတ်လပ်မှုတွေကို အမှန်တကယ် ရရှိချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် မခံစားနိုင်ဘဲ ပူပင်သောကတွေထဲမှာ ပိတ်မိနေခဲ့ပါတယ်။  မိမိဘဝမှာ ဘယ်တော့မှ မလိုချင်ခဲ့တဲ့ အိမ်ထောင်ရေးအခြေအနေတစ်ခုကို မိမိဖာသာ လက်မခံနိုင်ခဲ့ပါ။ တစ်ခုလပ်ဆိုတဲ့ အခေါ်အဝေါ်က ဘယ်လောက်ဆိုးရွားသလဲဆိုတာ မိမိအတွက် ညွှန်းဆိုချိန်ကျမှသာ အတိအကျ နားလည်နိုင်ခဲ့တာပါ။ အများရှေ့မှာ အဆင်ပြေသလို ဟန်ဆောင်နေပေမယ့် လူကွယ်ရာမှာ နေ့စဉ်နီးပါး မျက်ရည်ကျဖြစ်နေခဲ့တာ ငါးနှစ်ဝန်းကျင်။ တိုက်ဆိုင်မှုလား၊ အဲဒါကြောင့်လား မသေချာပါ။ မျက်လုံးတစ်ဖက်က အရည်အိတ်ကလေးကျုံ့သွားပြီး အမြင်အာရုံကို ပုံဖော်ပေးတဲ့အရာဖြစ်တဲ့ Retina ကို ဆွဲဖြဲလိုက်တော့မှ သူမ မျက်ရည်ကျတာ လုံးဝရပ်သွားခဲ့ပါတယ်။ နောက်ထပ် ဆုံးရှုံးစရာ မကျန်တော့ဘူးလို့ ယူဆနေရာက နောက်ထပ်ဆုံးရှုံးစရာတွေ အများကြီး ကျန်နေသေးတယ်ဆိုတာကို စတင် သဘောပေါက်လာခဲ့ပါတယ်။ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ အမြင်အာရုံတွေကို တန်ဖိုးထားရင်း မိမိမှာ ရှိတဲ့ တန်ဖိုးထားစရာတွေကို မြင်သထက် မြင်နိုင်လာခဲ့ပါတယ်။

အချိန်မရွေး ဆုံးရှုံးနိုင်တယ်လို့ သိလိုက်ရချိန်မှာ အရာရာဟာ အပိုဆုတွေချည်းပါပဲ။ သူမမှာ ရှိတယ်လို့ ယူဆထားတဲ့ အရည်အချင်းတွေနဲ့ လူ့လောကထဲကို ထည့်ဝင်ဆောင်ရွက်ဖို့ ကြိုးစားရင်း မှန်လိုက်၊ မှားလိုက် ဘဝတွေကို ဖြတ်သန်းရင်း၊ ကိုယ့်ခြေထောက်ပေါ်မှာကိုယ် လုံးလုံးလျားလျား ရပ်တည်ခဲ့တာ "ဒီနေ့"မှာ ဆယ့်တစ်နှစ်ကျော်ခဲ့ပါပြီ။ အဲဒီဆယ့်တစ်နှစ်ကျော် ကာလထဲမှာ အလွန်ကောင်းမွန်တဲ့ ဆယ်နှစ်တာ ရှိခဲ့တာကို ဖြတ်သန်းနေစဉ်မှာ သူမ မမြင်နိုင်ခဲ့ပါ။ အကောင်းဆုံး အသုံးမချဖြစ်ခဲ့တဲ့ အဲဒီအချိန်တွေကို သူမ ပြန်မရနိုင်တော့ပေမယ့် နောင်တရနေမယ့်အစား အသိအမှတ်ပြု၊ သင်ခန်းစာယူပြီး ရှေ့ဆက်ရမှာပါပဲ။ နောင်တရပြီး နောက်ကို ပြန်ကြည့်နေရင် လက်ရှိအချိန်တွေကိုပဲ ထပ်မံ ဆုံးရှုံးရမှာပါ။

ဘဝက တစ်သမတ်တည်း မနေပါဘူး။ အဆိုးဆုံးအချိန်တွေကနေ အကောင်းဆုံးအချိန်တွေကို ရောက်သွားတတ်သလို၊ အကောင်းဆုံးအချိန်တွေကနေလည်း အဆိုးဆုံးအချိန်တွေကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။ သို့ပေမဲ့ ဆိုးတာချင်း တူရင်တောင် ခံနိုင်ရည်တွေက မတူညီတော့ပါ။ အရည်အချင်းတွေနဲ့ အတွေးအခေါ်တွေ ကွာဟလာတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေနဲ့ အမြင်တွေကလည်း ကွာဟသွားတတ်ပါတယ်။

အခုအချိန်မှာ အသက်ငါးဆယ်ကျော်နေပေမယ့် မိမိဘဝအတွက်မိမိ ဘာတစ်ခုမှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် မရှိသေးဘူးဆိုတဲ့ အိမ်ထောင်မပြုခဲ့ဖူးသူ အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ရချိန်မှာ သူမကိုယ်သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ပါတယ်။ သူမရဲ့ အလွန်မှားခဲ့တယ်လို့ ထင်တဲ့ လုပ်ရပ်တွေထဲမှာ မှန်ကန်မှု တစ်စုံတစ်ရာ ရှိနေသလားလို့ စဉ်းစား ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းက သုတေသနတစ်ခုမှာ သူမတို့ နိုင်ငံက အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်း၊ မရှိခြင်းက အိမ်ထောင်ကျခြင်း၊ မကျခြင်းနဲ့ ဆက်စပ်နေလို့ တွေ့ခဲ့ရပါသတဲ့။ ပိုမိုငယ်ရွယ်တဲ့ မျိုးဆက်တွေမှာတော့ ရွေးချယ်စရာတွေ များပြားကောင်းများပြားနေပါလိမ့်မယ်။ ယဉ်ကျေးမှုတွေ၊ ထင်မြင်ယူဆချက်တွေ၊ ကျား-မရေးရာတွေက တစ်သမတ်တည်း ရှိမနေပါ။ အချိန်နဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး လှုပ်ရှားပြောင်းလဲနေပါတယ်။ လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်ဝန်းကျင်က သူမရဲ့ အိမ်ထောင်ရေးအခြေအနေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေကြောင့် အသက်ရှူလို့တောင် မရဘူးလို့ ခံစားခဲ့ရဖူးပါတယ်။ အခုအချိန်မှာ ခွဲခြားဆက်ဆံမှု လုံး၀ မကင်းစင်ပေမယ့် အသက်၀၀ရှူနိုင်တဲ့ အနေအထားမှာတော့ ရှိနေခဲ့ပါပြီ။

စိတ်ဒဏ်ရာနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲလေး တစ်ခုကို တက်မိအပြီးမှာ သူမရဲ့ အမြင်တွေ ပိုမို ကျယ်ပြန့်သွားခဲ့ပါတယ်။ သုံးရက်တာ တက်ခဲ့ရတဲ့ အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးပြီး နောက်ရက်မှာ သူမရဲ့ ပခုံးတွေ ပေါ်မှာ အလွန်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ရှားပစ်လိုက်သလို ပေါ့ပါးပြီး နိုးထလာခဲ့ပါတယ်။ သူမမှာ ရှိလို့ ရှိနေမှန်း မသိခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးတွေ။ အဲဒီလို ပေါ့ပါးမှုမျိုးကို သူမ ဘယ်တုန်းကမှ မခံစားခဲ့ဖူးပါ။ ငယ်စဉ်က ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အရွယ်ရောက်ပြီးမှ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အများနဲ့အတူတူ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ။ လည်ပင်းတွေ၊ ခြေထောက်တွေမှာ လေးလံတဲ့ခဲတွေ ဆွဲပြီး လျှောက်နေရသလို ခြေတစ်လှမ်းလှမ်းနိုင်ဖို့ နှစ်ဆ၊ သုံးဆ ပိုအားထုတ်နေရတဲ့ မိမိအဖြစ်ကို စတင်သဘောပေါက်လာခဲ့ပါတယ်။ သို့ပေမဲ့ သူမ "ဒီနေ့" အထိ ခရီးရောက်လာခဲ့ပြီပဲ။ ကျန်နေသေးတဲ့ လေးလံတဲ့ ခဲတွေကို ဖြုတ်ချဖို့ သူမ တတ်စွမ်းသလောက် ဆက်လက်ကြိုးစားနေပါတယ်။  စိတ်ပညာလေ့ကျင့်ခန်းတွေ၊ သတိကပ်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေ၊ ဖတ်ရှုလေ့လာမှုတွေအားလုံးက အဲဒီခဲတွေကို ဖြုတ်ချပစ်နိုင်မယ့် ကိရိယာတွေချည်းပါပဲ။

အခုအချိန်မှာလည်း ရှေ့မှာ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ သူမအတွက် မသေချာပါ။ သို့ပေမဲ့ "ဒီနေ့"တွေတိုင်းကို နောက်ဆုံးအချိန်အထိ သူမ ဆက်လက်တန်ဖိုးထားဖြစ်နေမှာကတော့ အလွန်ကို သေချာလွန်းလှပါတယ်။

(ဩဂုတ်လ ၃၀၊ ၂၀၁၈ ထုတ် Daily Eleven မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။)