Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Monday, November 30, 2020

စကားလုံးများကို ရွတ်ဆိုသူ ... ဆာရာကေး

ဆာရာကေးကို သူမနဲ့ ဖီးလ်ကေးတို့ အတူတူ ရွတ်ဆိုခဲ့ကြတဲ့ “အချစ်ရောက်ရှိလာချိန်မှာ” ဆိုတဲ့ ကဗျာကလေးနဲ့ ကျွန်မ စတင် သတိပြုမိခဲ့တာ ဖြစ်ပါတယ်။ Youtube ပေါ်မှာ တင်ထားတဲ့ ဗွီဒီယိုတစ်ခုကနေ တွေ့ဖြစ်ခဲ့တာပါ။ စတင်တွေ့ရှိချိန်ကတည်းက စကားလုံးတွေကို အသက်ဝင်အောင် အမူအရာ အပြည့်နဲ့ ရွတ်ဆိုတတ်တဲ့ သူမကို သူမရဲ့ ကဗျာရွတ်ဖော် ဖီးလ်ကေးထက် ပိုပြီး စိတ်ဝင်စားဖြစ်ခဲ့ပါတယ်။

ရွတ်တာက အချစ်အကြောင်း ပြောထားတဲ့ကဗျာ ဖြစ်ပြီး ရွတ်သူက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ အမည်တွေရဲ့ နောက်စာလုံးတွေကလည်း စာလုံးပေါင်းတစ်ခုကလွဲရင် ဆင်တူနေတာမို့ သူတို့နှစ်ဦးကို ချစ်သူတွေလား၊ လင်မယားလား၊ မောင်နှမလား စသဖြင့် တွေးမိခဲ့ပါတယ်။ သို့ပေမဲ့ ထပ်မံ ရှာဖွေရင်း သူတို့နှစ်ဦးအတူ ရွတ်တဲ့ “ဖြစ်စဉ်”ဆိုတဲ့ အခြားကဗျာတစ်ပုဒ်ကို နားထောင်မိချိန်မှာ ကျွန်မထင်ထားတာတွေ အလွန်ကို လွဲမှားနေမှန်း သိခွင့်ရလိုက်ပါတယ်။ ကျွန်မလိုပဲ သူတို့နှစ်ဦးကို အဲဒီလိုတွေ ထင်ကြသူများတဲ့အတွက် ဖြေရှင်းရင်း ရေးဖြစ်သွားခဲ့ကြတဲ့ ကဗျာလို့ ယူဆရပါတယ်။

သူတို့အတူ ရွတ်ဆိုခဲ့ကြတဲ့ အဲဒီကဗျာကလေးက အခုလိုပါ။

ဖြစ်စဉ်

ဆာရာကေး - အ‌နွေးထည်တစ်ခုနဲ့ စခဲ့တာ။

ဖီးလ်ကေး - ငါက သားနားနေတယ်။ မောင်မယ်သစ်လွင်တစ်ဉီးအတွက် ကောလိပ်ကျောင်းနဲ့ ရင်းနှီးအောင် ပြောဆိုမှုတွေ ပြုလုပ်ပေးမှုတွေကို ရရှိတဲ့ ပထမဆုံးနေ့။ ငါက လူတွေရဲ့ အမြင်မှာ ကောင်းမွန်တဲ့ ပုံစံရှိအောင် အမြဲတမ်း ကြိုးစားနေတတ်တဲ့သူမျိုး။

ဆာရာကေး - သူက ကိရိယာတန်ဆာပလာတစ်ခုနဲ့ တူနေတယ်။ ကျောင်းရဲ့ ပထမဆုံး သီတင်းပတ် ဖြစ်တာမို့ ငါက လူတွေနဲ့ တွေ့ဆုံရမယ်၊ စမ်းသပ်ကြိုးစားကြည့်စရာလေးတွေ ရှိတယ်။ ပင်ကိုစွမ်းရည် ပြသတဲ့ပွဲရဲ့ စင်နောက်မှာ ယောင်ပေပေလုပ်နေတဲ့ အဲဒီလူအတွက် ဖြုန်းစရာအချိန် မရှိပါဘူး။

ဖီးလ်ကေး - မောင်မယ်သစ်လွင်တွေရဲ့ ပင်ကိုစွမ်းရည် ပြသတဲ့ပွဲနဲ့ စတင်ခဲ့တာ။ ရွတ်ဆိုရတဲ့ စကားလုံးတွေ၊ ကဗျာတွေနဲ့ ပတ်သက်လို့ ငါသိထားတာတွေကို ထုတ်ပြပြီး လူအချို့ ငါ့ကို သတိပြုမိအောင် လုပ်ဖို့ အခွင့်အရေးတစ်ရပ်။

ဆာရာ‌ကေး - နည်းပညာ အခက်အခဲတစ်ခုနဲ့ စတင်ခဲ့တာ။

ဖီးလ်ကေး - ကြန့်ကြာမှုတစ်ခု။

ဆာရာကေး - တစ်စုံတစ်ယောက်ရဲ့ iPodထဲက သီချင်းက ဖွင့်မရဘူး။

ဖီးလ်ကေး - ငါက စင်နောက်မှာ စောင့်ဆိုင်းနေရပြီး အဲဒီအချိန်မှာ ငါ ဒီမိန်းကလေးကို သတိပြုမိတယ်။

ဆာရာကေး - သူက ပုံစံမကျတဲ့ အနွေးထည်နဲ့၊ အရာအားလုံးနဲ့ လျှောက်လာတယ်။ ဘယ်ကိုမှ ပြေးစရာ မရှိဘူး။ စင်နောက်က အတော်လေးကျဉ်းတယ်။

ဖီးလ်ကေး - ငါက စင်ပေါ်တက်ရမှာကို အတော်လေး စိတ်လှုပ်ရှားနေတယ်။ စကားစမြည်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။

ဆာရာကေး - အိုး၊ ဆောရီး ငါက မိတ်မဆက်ဘဲ ကျော်ပြီး ပြောမိနေတယ်။ ငါ့အမည်က ဆာရာကေးပါ။

ဖီးလ်ကေး - ငါ့အမည်က ဖီးလ်ကေးပါ။ ငါက ကယ်လီဖိုးနီးယားက။

ဆာရာကေး - ငါက နယူးရောက်မြို့မှာ မွေးဖွားကြီးပြင်းတယ်။

ဖီးလ်ကေး - ငါနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်တွေက

နှစ်ဦးစလုံး - ငါ့အမေက ဂျပန်လူမျိုး၊ ငါ့အဖေက ဂျူးလူမျိုး။

ဆာရာကေး - တွေ့မြင်နေကျ ပေါင်းစည်းမှုတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါက ချစ်စရာကောင်းတယ်လို့ ငါ ထင်တယ်။ လူတွေက ငါ့ကို ဂျာပါဂျူးလို့ ခေါ်ကြတယ်။

ဖီးလ်ကေး - ဂျာပါနီ့စ်

ဆာရာကေး - အက်ရှ်ကန်နာဇီ ကာမီကာဇီ[1]

ဖီးလ်ကေး - ဒီဇင်ဘာလကို ရောက်တဲ့အချိန်မှာ

နှစ်ဦးစလုံး - ဟန်နူးကာပွဲနဲ့ ခရစ်စမတ်ပွဲ

ဆာရာကေး - ငါ့အမေရဲ့ ရင်ဒူးသားချက်ကို မြည်းစမ်းကြည့်ဖို့ သင့်တယ်။ ငါ့အမေရဲ့ နံပြားလုံးဟင်းရည်နဲ့ ခေါက်ဆွဲကို စားကြည့်ပါ၊ ငါ့အဖေ ဂျက်ဖရီကို ဒူးထောက်သွားစေနိုင်တယ်။

ဖီးလ်ကေး -ဒီပိန်ရှည် စွေစောင်း ကပြားကို ပြုစုပျိုးထောင်ခဲ့ရတာက အမေနဲ့ အဖေ

ဆာရာကေး - အဲဒါပဲလို့ ထင်တယ်။ ငါ့အမေရယ် ငါ့အဖေရယ် ငါရယ် အိုး၊ ငါ့မောင်လေးလည်း ရှိသေးတယ်၊ သူက ဆယ့်ရှစ်နှစ်

ဖီးလ်ကေး - ငါ့ညီမ‌လေးက လေးနက်ခိုင်မာတဲ့သူ။ သူက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက ငါ့ကို ထိန်းကျောင်းတည့်မတ်ပေးတယ်။ သူ့အမည်ရဲ့ အစိတ်အပိုင်းတစ်ခုက ဆာရာတဲ့။

ဆာရာကေး - ငါ့မောင်လေးအမည်က ဖီးလစ်

နှစ်ဦးစလုံး - ဘယ်လိုပဲဖြစ်ဖြစ်

ဆာရာကေး - ဘယ်ရောက်သွားပြီလဲ

ဖီးလ်ကေး - စင်နောက်က တွေ့ဆုံ‌ပြောဆိုမှုတွေနဲ့ စခဲ့ကြတယ်။

ဆာရာကေး - မဟုတ်ဘူး။ နောက်ကို ပြန်ဆွဲတဲ့ ပထမဆုံး အမြင်နဲ့ စခဲ့တာ

ဖီးလ်ကေး - အိုကေ၊ ကောင်းပြီ။ ဘယ်ကနေ မစခဲ့ဖူးလဲ ဆိုတာ ငါနင့်ကို ပြောပြမယ်။ ငါးတန်း နွေရာသီ စခန်းသွင်းလေ့ကျင့်တဲ့နေရာက မစခဲ့ဘူး။

ဆာရာကေး - ဟုတ်တယ်။ အငယ်တန်း ကယ်ဆယ်ရေးသမားတွေ အနေနဲ့ မစခဲ့ဘူး၊ ငါတို့နှစ်ယောက်စလုံး အဲဒီမှာ ရှိခဲ့ကြပေမယ့်လေ။

ဖီးလ်ကေး - လိုက်ဖက်တဲ့ အနီရောင် ရေကူးဝတ်စုံတွေ၊ အဖြူရောင်ရှပ်အင်္ကျီတွေ၊ နေကာဦးထုပ်တွေနဲ့ ငါတို့ရဲ့ ကောင်ဆယ်လာ

နှစ်ဦးစလုံး - မစ္စတာဂျွန်ဆင်

ဆာရာကေး - သူ့ရဲ့ မနက်ပိုင်းအတန်းထဲက ရှက်တတ်တဲ့ ကောင်မလေးနဲ့

ဖီးလ်ကေး - ညနေပိုင်း အတန်းထဲက ပိန်ညှောင်ညှောင်ကောင်လေးတို့ဟာ

နှစ်ဦးစလုံး - မောင်နှမတစ်ဝမ်းကွဲတွေလားလို့ ထင်ကောင်းထင်နေလိမ့်မယ်

ဆာရာကေး - ကားတစ်စီးတည်းနဲ့ အတူတူ လာကြတာလို့လည်း ထင်ချင်ထင်နေမယ်

ဖီးလ်ကေး - မိသားစု ဓာတ်ပုံတွေ ရိုက်ကြတဲ့၊ ဇူလိုင်လလေးရက်မှာ အကင်တွေ ကင်စားကြတဲ့ ကြားထဲမှာ

ဆာရာကေး - ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ ငါတို့က အတူ ရှိတယ် ဆိုရုံကလေး ရှိခဲ့ကြတာ။

ဖီးလ်ကေး - ဆုံတွေ့လုနီးပါး ဖြစ်ခဲ့ပေမဲ့ အမြဲတမ်း လွဲချော်ခဲ့ပါတယ်။

ဆာရာကေး - ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလို လည်နေကြတာ။

ဖီးလ်ကေး - ကြည့်

နှစ်ဦးစလုံး - ငါတို့ ရှာဖွေလေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆာရာကေး - ငါတို့ အမျိုးမတော်ဘူးဆိုတာ ကျိန်ဆိုရဲပါတယ်။

ဖီးလ်ကေး - ပြီးတော့ ငါတို့ ဘယ်တုန်းကမှ ချစ်သူရည်းစား မဖြစ်ခဲ့ကြပါဘူး။

နှစ်ဦးစလုံး - ဘယ်တော့မှလည်း ချစ်သူရည်းစား ဖြစ်မှာ မဟုတ်ပါဘူး။

ဖီးလ်ကေး - ဘာကြောင့်လဲဆိုတော့ မင်းနဲ့ နောက်ဘက်အမည်တူတဲ့သူနဲ့ ဆုံတွေ့ဖို့ အခွင့်အရေးက ဘယ်လောက် ရှိသလဲ။

ဆာရာကေး - ဂျပန်လူမျိုးနဲ့ ဂျူးလူမျိုး ရောထားပြီး မောင်နှမတွေကလည်း အမည်တူနေကြတာမျိုး။

ဖီးလ်ကေး - ဒီလိုမျိုး တစ်စုံတစ်ယောက်ကို တွေ့ဖို့ အခွင့်အလမ်း ဘယ်လောက်များမလဲ။

ဆာရာကေး - ကိုယ်ပြောနေတဲ့ စကားကို ဆက်ပြောအဆုံးသတ်ပေးနိုင်တဲ့သူမျိုး။

ဖီးလ်ကေး - တန်းစီးနေတဲ့အချိန်မှာ ကြားပေးဖြတ်မယ့်သူမျိုး။

ဆာရာကေး - လိုအပ်တယ်ဆိုရင် လက်ကမ်း ကူညီရုံ၊ နားတွေ ငှားပြီး နားထောင်ပေးရုံတင် မကဘဲ ကျောရိုးတွေကိုပါ ငှားပေးမယ့်သူမျိုး။

ဖီးလ်ကေး - ကိုယ့်ရဲ့ မင်္ဂလာဆောင်မှာ သတို့သားအရံ လုပ်နိုင်မယ့် တကယ့်အမျိုးသမီးမျိုး။

ဆာရာကေး - ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို သိမ်းဆည်းပေးမယ့်သူ၊ ကိုယ့်ရဲ့စာတွေ အားလုံးကို သိမ်းဆည်းပေးမယ့်သူ၊ ကိုယ် ဘာပုံပေါက်နေတယ်ဆိုတာကို အမှန်အတိုင်း ပြောပေးမယ့်သူ။

ဖီးလ်ကေး - ကိုယ့်ရဲ့ မွေးနေ့တိုင်းကို မှတ်မိမယ့်သူ။

ဆာရာကေး - Facebook ကို မကြည့်ဘဲနဲ့ပေါ့။

ဖီးလ်ကေး - ကိုယ့်ရဲ့ ကဗျာတွေ အားလုံးကို အလွတ်ရနေမယ့်သူမျိုးကို ဆုံတွေ့ဖို့ အခွင့်အရေး ဘယ်လောက် ရှိသလဲ။

ဆာရာကေး - အတူတူ သွားလာကြရင်း မတော်တဆ လေလည်မိရင် ကြောက်လန့်သွားမှာ မဟုတ်တဲ့သူမျိုး။

ဖီးလ်ကေး - အင်း၊ တကယ်လို့ နင်က ဘဲနဲ့ ချိန်းထားပြီး လန်းအောင် လုပ်ဖို့ လိုနေရင် ငါက ငါ့ရဲ့ ဆံပင်ပစ္စည်းတွေကို ငှားပေးမယ်။

ဆာရာကေး - တကယ်လို့ နင်က ချိန်းထားတာ မရှိဘဲ လန်းတဲ့ပုံ ပေါက်ချင်ရင် ငါက ငါ့ရဲ့ ညီအစ်မတစ်ဝမ်းကွဲကို ငှားပေးမယ်။

ဖီးလ်ကေး - လွဲချော်သွားတိုင်းမှာ ပြန်ဆယ်ပေးမယ့်သူအဖြစ် မြင်တယ်။

ဆာရာကေး - ငါက နင့်အတွက် အမြဲတမ်း ခုံဦးပေးထားတယ်။

ဖီးလ်ကေး - လက်ပစ်ဘောကစားတာ အလွန် ဆိုးရွားပေမယ့် နင့်ကို ငါ့ကစားဖော်အဖြစ် အမြဲတမ်း ရွေးမယ်။

ဆာရာကေး - နင့်အိမ် မီးလောင်သွားခဲ့ရင် ငါ့အိမ်က နင့်အိမ် ဖြစ်မယ်။

ဖီးလ်ကေး - နင်အသက်ကြီးလာလို့ ငါ့မျက်နှာကို မမှတ်မိတော့ဘူး ဆိုရင် ငါက နင့်ကို ပထမဆုံးအဖြစ် အကြိမ်ပေါင်းများစွာ လာတွေ့မယ်။

ဆရာကေး - သူတို့က နင်အသံဝဲတာကို လှောင်ပြောင်ကြရင် ငါက နင့်ကို ရေကူးဖို့ ခေါ်သွားမယ်၊ ဘာလို့လဲ ဆိုတော့ ရေအောက်မှာ ငါတို့ အားလုံးရဲ့ အသံတွေက အတူတူပဲ။

ဖီးလ်ကေး - အဲလစ်ကျွန်း[2]က နင့်ရဲ့ အတိတ်ကို ပယ်ဖျက်ဖို့ ကြိုးစားမယ် ဆိုရင် ငါက နင့်ကို နင့်အမည်ရင်းနဲ့ ခေါ်မယ်။

ဆာရာကေး - စစ်မှုမထမ်း မနေရ ထမ်းဖို့ နင့်နံပါတ်ကို သူတို့ကခေါ်ရင် ငါပါ နင့်ဘေးမှာ အတူတိုက်ဖို့ စာရင်းပေးမယ်။

ဖီးလ်ကေး - ငါက နင်နဲ့အတူ ဆယ်လ်မာမြို့ကနေ မောင့်တ်ဂိုမာရီမြို့ကို အတူတူ ချီတက်ပြီး[3] လိုအပ်သလောက် ခေါက်တုံ့ခေါက်ပြန် သွားမယ်။

ဆာရာကေး - ငါတို့က မီးသတ်ပိုက်တွေ၊ ခွေးတွေကို အတူတူ ရင်ဆိုင်ကြမယ်။

နှစ်ဦးစလုံး - ဘာကြောင့်လဲဆိုတော့ အဲဒါက ငါတို့နဲ့ စတင်ခဲ့တာ မဟုတ်ဘူး။

ဖီးလ်ကေး - လီနွန်နဲ့ မက်ကာနီ[4]နဲ့ စခဲ့တာ

ဆာရာကေး - သယ်လ်မာနဲ့ လူဝီ(စ်)[5]နဲ့ စခဲ့တာ

ဖီးလ်ကေး - ဝင်နီသာပူးနဲ့ ခရစ္စတိုဖာရော်ဘင်[6]တို့နဲ့ စခဲ့တာ

ဆာရာကေး - ဘာ့တ်နဲ့ အာနီ[7]

ဖီးလ်ကေး - အက်ဘ်ဘော့နဲ့ ကော်စတယ်လို[8]

ဆာရာကေး - ရိုဇင်ခရန့်စ်နဲ့ ‌ဂေလ်ဒန်စတန်[9]

ဖီးလ်ကေး - မာရီယိုနဲ့ လူဂီ[10]

ဆာရာကေး - ဝပ်တ်ဆန်နဲ့ ရှားလော့[11]

ဖီးလ်ကေး - ပီးကာချူးနဲ့ ချာရစ်ဇာ့[12]။ သူတို့က ဒါဟာ ဘယ်လောက် ထူးဆန်းအံ့ဩစရာကောင်းတဲ့ အရာလဲ ဆိုတာကို သင့်ကို ပြောပြကြလိမ့်မယ်။

ဆာရာကေး - ဒါဟာ ဘယ်လောက် ရှားပါးတဲ့ အရာလဲ ဆိုတာကိုလည်း သင့်ကို ပြောပြကြလိမ့်မယ်။

ဖီးလ်ကေး - ဒါပေမဲ့ သူငယ်ချင်း ဖြစ်ခြင်း ဆိုတာကိုက အမြဲတမ်းအတွက် ရှားပါးတဲ့ ဖြစ်ရပ် ဆိုတာကိုလည်း ပြောပြကြလိမ့်မယ်။

ဆာရာကေး - ဖြစ်နိုင်ခြေက အလွန်ကို နည်းပါးတယ်။

ဖီးလ်ကေး - ဆန့်ကျင်ဘက်မှာ ကတ်ပြားတွေ ပိုများနေပြီး ဖြစ်နိုင်ခြေက အမြဲတမ်း နည်းပါးနေတယ်။

နှစ်ဦးစလုံး - ငါက နင့်ရဲ့ အကောင်းဆုံးကိုလည်း မြင်ဖူးခဲ့ပြီ၊ အဆိုးဆုံးကိုလည်း မြင်ဖူးခဲ့ပြီ၊ ငါက နှစ်ခုစလုံးကို ရွေးချယ်ခဲ့တယ်။

ဖီးလ်ကေး - ငါက နင့်ရဲ့ နေရောင်ခြည်တွေတိုင်းကို မျှယူချင်ပြီး အချို့ကို နောက်အတွက် သိမ်းဆည်းထားချင်တယ်။

ဆာရာကေး - ငါက အဲဒါတွေကို ငါ့ရဲ့ အိပ်ကပ်ထဲမှာ ထည့်ထားမယ်။ မိုးသည်းတဲ့အချိန်တွေမှာ ပြန်ထုတ်ပေးနိုင်အောင်လို့။

နှစ်ဦးစလုံး - သူငယ်ချင်း

ဖီးလ်ကေး - ငါက နင့်ကိုယ်နင် ချစ်ဖို့ သတိပေးတဲ့ ကြေးမုံပြင် ဖြစ်ချင်တယ်။

ဆာရာကေး - ငါက နင့်ကို သက်သောင့်သက်သာ အသက်ရှူဖို့ သတိပေးတဲ့ နင့်အဆုတ်ထဲက လေဖြစ်ချင်တယ်။

ဖီးလ်ကေး - နံရံတွေ ပြိုကျလာတဲ့အခါ

ဆာရာကေး - မိုးခြိမ်းသံတွေ ထစ်ချုန်းတဲ့အခါ

နှစ်ဦးစလုံး - အခြားဘယ်သူမှ အိမ်မှာ မရှိတဲ့အချိန်တွေမှာ ငါ့လက်ကို ဆုတ်ကိုင်ထားပါ

ဖီးလ်ကေး - ငါကတိပေးတယ်

နှစ်ဦးစလုံး - ငါ မလွှတ်လိုက်ပါဘူး။

ကဗျာက အတော်လေး ရှည်ပေမဲ့ ပျင်းစရာ မကောင်းပါဘူး။ သူတို့နှစ်ဦးရဲ့ ချစ်စရာကောင်းပြီး ဖြူစင်တဲ့ သူငယ်ချင်း ဘဝကို အခြားသူတွေ အားကျမိအောင် ရွတ်ဆိုသွားခဲ့တာပါ။ ဒါပေမဲ့ ဒီခိုင်မာတဲ့ သူငယ်ချင်း ဘဝက သူတို့နဲ့ စခဲ့တာ မဟုတ်ပါဘူး ဆိုပြီး ပြင်ပမှာ ရှိခဲ့ကြတဲ့ လူသားတွေ ဖြစ်တဲ့ ဘီတဲလ်အဆိုတော် ဂျွန်လင်နွန်နဲ့ ပေါလ်မက်ကာနီတို့လို သူငယ်ချင်းမျိုးတွေကို ဉပမာပေးခဲ့သလို ကာတွန်းကားထဲက ဝင်နီသာပူးနဲ့ မစ္စတာရော်ဘင်ဆင်လို၊ ရှိတ်စပီးယားရဲ့ ဟမ်းလက်ပြဇာတ်ထဲက ရိုဇင်ခရန့်စ်နဲ့ ‌ဂေလ်ဒန်စတန်တို့လို သူငယ်ချင်းဇာတ်ကောင်မျိုးတွေကိုပါ ဉပမာ ပေးခဲ့ပါတယ်။

ဆာရာကေးက သူမရဲ့ အကြောင်း၊ မိသားစုအကြောင်း၊ ငယ်စဉ်က အားကျလေးစားခဲ့ရတဲ့ ကျောင်းအုပ်ဆရာမကြီးတစ်ဉီးရဲ့ အကြောင်း စတာတွေကိုလည်း ကဗျာတွေ ရေးသားပြီး ရွတ်ဆိုခဲ့ပါတယ်။ သွားတိုက်တံကနေ စက်ဘီးတာယာကို ပေးတဲ့ ရည်းစားစာလို သက်မဲ့တွေရဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းမျိုးကိုလည်း အလွန် စိတ်ဝင်စားစရာကောင်းအောင် ရေးသားရွတ်ဆိုနိုင်သူပါ။ လိင်တူစိတ်ဝင်စားသူ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယောက်ျားလေးတစ်ယောက်လို့ အိပ်မက်မက်တတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ ဆုံတွေ့ခွင့်ရခဲ့တဲ့ မိန်းကလေးဆန်တယ်လို့ အများက သတ်မှတ်ယူဆတဲ့ စရိုက်သဘာဝ ရှိတဲ့ ချစ်သူအကြောင်းကဗျာ Dreaming Boyကလည်း အလွန်ကို စိတ်ဝင်စား ကြည်နူးစရာကောင်းပါတယ်။

သူမရဲ့ ကဗျာတွေထဲမှာ သူမရဲ့ ဟာသဉာဏ်တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ ကျောင်းအုပ်ဆရာမကြီး အကြောင်းပြောတဲ့ ကဗျာထဲမှာ ကလေးတွေရဲ့ ရယ်စရာ ချစ်စရာ စရိုက်သဘာဝတွေကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်ခဲ့ပါတယ်။ အန္ဒိယလူမျိုးမို့ ဆရာမကြီးက ဆာရီဝတ်ပါတယ်။ တစ်ကြိမ်မှာ ဆာရီဝတ်ထားတဲ့ အန္ဒိယအမျိုးသမီးတစ်စုကို တွေ့မိတဲ့ ကလေးတစ်ဦးက သူ့အမေကို “မေမေ ဟိုမှာ ကြည့်ပါအုံး ကျောင်းအုပ်ဆရာမကြီးတွေ” ဆိုပြီး ပြောတာမျိုးကို ပြုံးချင်စရာဖြစ်အောင် ထည့်သွင်းရေးဖွဲ့နိုင်သူပါ။

ဖျော်ဖြေသရုပ်ဆောင်မှုကို စိတ်ဝင်စားသူမို့ သူမရဲ့ ကဗျာ ရွတ်ဆိုမှုတွေက စိတ်ဝင်စားစရာ ချစ်စရာ အသံအနေအထားတွေ၊ အမူအရာတွေနဲ့ ဖြစ်နေလေ့ ရှိပါတယ်။ သူမရဲ့ ကဗျာရွတ်ဆိုမှုတွေကို အွန်လိုင်းကနေ ကြည့်ရှုသူက သိန်းနဲ့ သန်းနဲ့ ချီပြီး ရှိပါတယ်။

ကဗျာတစ်ပုဒ်တည်းသာပါတဲ့ သူမရဲ့ ပထမဆုံး ကဗျာစာအုပ် B ထွက်ရှိစဉ်မှာ အမေဇုံအွန်လိုင်း စာအုပ်ဆိုင်မှာ အရောင်းရဆုံး ကဗျာစာအုပ် ဖြစ်ခဲ့ပါတယ်။ ကဗျာ ၆၁ပုဒ်ပါတဲ့ သူမရဲ့ ဒုတိယ ကဗျာစာအုပ် အပျက်အစီးတွေ ဘယ်လောက်များပါစေ (No Matter the Wreckage) စာအုပ်ကတော့ ထွက်ရှိစဉ်မှာ အမေဇုံအွန်လိုင်း စာအုပ်ဆိုင်က အမေရိကန် ကဗျာစာအုပ်တွေထဲမှာ ဒုတိယ အရောင်းရဆုံး စာရင်းဝင်ခဲ့ပါတယ်။ သူမရဲ့ အခြားကဗျာစာအုပ်တွေ ဖြစ်တဲ့ ကဗျာတစ်ပုဒ်တည်းသာပါတဲ့ The Type နဲ့ All Our Wild Wonder ကဗျာစာအုပ်တွေကလည်း အမေရိကန် ကဗျာစာအုပ်တွေရဲ့ အရောင်းရဆုံးစာရင်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

သူမက သူမကိုယ်တိုင်သာ ကဗျာတွေ ရေးသားရွတ်ဆိုနေတာ မဟုတ်ဘဲ လူငယ်တွေကို ကဗျာတွေ ရေးသားရွတ်ဆိုနိုင်အောင်သင်ကြားပံ့ပိုးပေးနေသူ တစ်ဉီးလည်း ဖြစ်ပါတယ်။ သူမက အထက်တန်း ကျောင်းသူဘဝကတည်းက V.O.I.C.E (Vocal Outreach Into Creative Expression) ဆိုတဲ့ စီမံချက်ကလေးကို စတင်ခဲ့တာပါ။ နောက်ပိုင်းမှာ ဖီးလ်ကေးနဲ့ ပူးတွဲပြီး တောင်အာဖရိက၊ ဖိလစ်ပိုင်၊ နီပေါလ်၊ အန္ဒိယ စတဲ့ ကမ္ဘာ့နိုင်ငံအများအပြားက လူငယ်တွေကို ရွတ်ဆိုတဲ့ စကားလုံးကဗျာတွေကတစ်ဆင့် သူတို့ရဲ့ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနဲ့ သူတို့ကိုယ်တိုင်ကို ဖော်ထုတ်ပြသနိုင်ဖို့ အားပေးကူညီခဲ့ပါတယ်။

ကဗျာရေးသားရွတ်ဆိုမှုကို ကျောင်းစာသင်ကြားမှုထဲမှာ ထည့်သွင်းခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ပိုမိုမြင့်မားလာတာမျိုး တွေ့ရသလို ကျောင်းပြင်ပမှာ ရှိနေတဲ့ ပြဿနာတွေကြောင့် စာကို စိတ်မဝင်စားခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေမှာလည်း ကောင်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်။ ဆာရာကေးက ဆယ်ကျော်သက်ဘဝကတည်းက ကဗျာတွေကို ရေးသား ရွတ်ဆိုခဲ့တဲ့အတွက် သူမက အခြားဆယ်ကျော်သက်တွေထက် ပိုပြီး ပျော်ရွှင်သူ တစ်ဦးဖြစ်ခဲ့တယ်လို့ သူမရဲ့ ပြောဆိုမှုတစ်ခုထဲမှာ နားထောင်ခဲ့ဖူးပါတယ်။

သူမကို ကဗျာကို စတင် စိတ်ဝင်စားစေခဲ့သူတွေက သူမရဲ့ မိဘတွေ ဖြစ်ပါတယ်။ သူမရဲ့ မိဘနှစ်ယောက်စလုံးက ဓာတ်ပုံဆရာတွေ ဖြစ်ပြီး အနုပညာကို ချစ်မြတ်နိုးကြသူတွေပါ။ သူမ မူလတန်းကျောင်းသူ ဘဝက သူမ ကျောင်းထမင်းဘူးကို ဖွင့်လိုက်တိုင်း Post-It စာရွက်ကလေးပေါ်မှာ ရေးထားတဲ့ သူ့အမေရဲ့ ကဗျာ ဒါမှမဟုတ် သူ့အဖေရဲ့ ကဗျာတစ်ပုဒ်ကို နေ့စဉ် တွေ့ရလေ့ရှိပါတယ်။ သူတို့က သူမကို ကဗျာ ဖတ်ချင်စိတ် ရှိအောင် အဲဒီလို ဆောင်ရွက်ပေးခဲ့တာပါ။

သူမ ရွတ်ဆိုရတဲ့ စကားလုံးတွေကို စတင်ချစ်မြတ်နိုးခဲ့တာကတော့ အသက် ၁၄နှစ်အရွယ်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို သွားလည်ရင်း SlamNation ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်မိရာက ဖြစ်ပါတယ်။ အဲဒီမှာ သူမ အကြိုက်အနှစ်သက်ဆုံး အနုပညာ နှစ်ရပ်ဖြစ်တဲ့ ကဗျာနဲ့ ပြဇာတ်ကို တွဲဖက်ပေးနိုင်တဲ့အရာက Slam ကဗျာ အမျိုးအစား ဖြစ်တယ် ဆိုတာကို သဘောပေါက်နားလည်ခဲ့ပါတယ်။

သီတင်းပတ်အနည်းငယ်အကြာမှာ သူမထံကို ဆယ်ကျော်သက်တွေအတွက် Slam ကဗျာ ရွတ်ဆိုပွဲအတွက် သူမ စာရင်းပေးသွင်းထားတာကို လက်ခံရရှိကြောင်း အကြောင်းကြားစာ ရခဲ့ပါတယ်။ အဲဒါ ဘယ်သူ့လက်ချက်ဆိုတာ သိခွင့်မရခဲ့ပေယ့် သူမက ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမက Slam ကဗျာလို့ ယူဆရတဲ့ ကဗျာတစ်ပုဒ်ကို ရေးသားပြီး ရွတ်ဆိုဖျော်ဖြေခဲ့ပါတယ်။ သူမရဲ့ ဖျော်ဖြေမှု အပြီးမှာ သူမထက် အသက်ပိုကြီးတဲ့ မိန်းကလေးတစ်ဦးက သူမထံ လာရောက်ပြီး “ကျေးဇူးတင်တယ်။ အဲဒါကို ငါတကယ် ခံစားလို့ ရတယ်”လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူမက ကဗျာ ရွတ်ဆို ဖျော်ဖြေမှုတွေကို ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

သူမက မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ၊ ပြဇာတ်ရေးသူ၊ သီချင်းရေးသူ၊ သီချင်းဆိုသူ၊ ဓာတ်ပုံဆရာ၊ အယ်ဒီတာ စတဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ သူမက အမေရိကန်နိုင်ငံ Brown တက္ကသိုလ်က သင်ကြားမှုဆိုင်ရာ မာစတာဘွဲ့ကို ရရှိထားပြီး Grinnell ကောလိပ်က ပေးတဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကိုလည်း ရရှိထားပါတယ်။ သူမက ကဗျာတွေကို ကမ္ဘာတစ်ဝှမ်းမှာ ဆက်လက် ရွတ်ဆို ဖျော်ဖြေနေရင်း လူငယ်တွေကို ရွတ်ဆိုရတဲ့ စကားလုံးတွေကတစ်ဆင့် မိမိကိုယ်မိမိ ဖော်ထုတ်ပြသနိုင်အောင်၊ စွမ်းရည်မြင့်မားလာအောင် ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။

(Ref: https://www.newyorker.com/magazine/2019/03/11/spoken-word-poetrys-dynamic-duo
https://www.youtube.com/watch?v=esgfG3BoAPc
https://ohsarahkay.tumblr.com/originstory
http://coldfrontmag.com/sarah-kay-spoken-word-as-more-than-just-poetry/
https://www.speakers.ca/speakers/sarah-kay/
https://theblog.adobe.com/sarah-kay/)
[1] Ashkenazi kamikaze – အရှေ့ဉ‌ရောပကလာတဲ့ ဂျူးလူမျိုးတွေကို ညွှန်းဆိုတဲ့ အခေါ်တစ်ခုဖြစ်တဲ့ Ashkenaziနဲ့ အထူးတိုက်ခိုက်မှုတပ်ဖွဲ့ဝင် ဂျပန်လူမျိုးတွေကို ညွှန်းဆိုတဲ့ အခေါ်တစ်ခု ဖြစ်တဲ့ Kamikazeကို ပေါင်းစည်းထားခြင်း
[2] Ellis Island - တစ်ချိန်က အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေ ဖြတ်သန်းရတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန။
[3] နိုင်ငံသား အခွင့်အရေးအတွက် ချီတက်ခဲ့ကြတဲ့ Selma March ကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။
[4] Lennon and McCartney – Beatles အဖွဲ့မှ အဆိုတော်သီချင်းရေးဆရာ ဂျွန်လီနွန်နဲ့ ပေါလ်မက်ကာနီ
[5] Thelma and Louise - Thelma and Louise ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ကောင်များ
[6] Winne-the-Pooh and Christopher Robin - Winne-the-Pooh ဇာတ်လမ်းများထဲမှ ဇာတ်ကောင်များ
[7] Bert and Ernie – Sesame Street ဇာတ်လမ်းတွဲများထဲမှ ဇာတ်ကောင်များ
[8] Abbott and Costello - အမေရိကန် ဟာသသရုပ်ဆောင်အတွဲ
[9] Rosencrantz and Guildenstern - ရှိတ်စပီးယားရဲ့ ဟမ်းလက်ပြဇာတ်ထဲမှ ဇာတ်ကောင်များ
[10] Mario and Luigi - ဗွီဒီယိုဂိမ်းထဲမှ ဇာတ်ကောင်များ
[11] Watson and Sherlock - ရှားလော့ဟုမ်း ဇာတ်လမ်းများထဲမှ ဒေါက်တာဝပ်တ်ဆန်နဲ့ ရှားလော့ဟုမ်း
[12] Pikachu and Charizard – Pokémon ဗွီဒီယိုဂိမ်းထဲမှ ဇာတ်ကောင်များ
(၂၀၂၀ မတ်-ဧပြီလထုတ် ချင်းတွင်းမဂ္ဂဇင်း အမှတ် ၉၂မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။)

Friday, November 27, 2020

အမျိုးသမီးတစ်ယောက်တိုင်းအတွက်

 ကျား-မရေးရာလို့ ဘာသာပြန်ကြတဲ့ ဂျန်ဒါ (Gender) သင်တန်းတစ်ခုကို လွန်ခဲ့တဲ့ သုံး-လေးနှစ်လောက်က ကျွန်မ ဘေးက ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သင်တန်းပို့ချသူက သင်တန်းတက်သူတွေကို ဉာဏ်စမ်းလေးတစ်ပုဒ် မေးပါတယ်။ 

"အဖေနဲ့ သားက ကားတစ်စီးထဲမှာ အတူပါလာကြတယ်။ လမ်းမှာ ယာဉ်တိုက်မှုဖြစ်တော့ အဖေ ဖြစ်သူက အဲဒီနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ သားက ခေါင်းမှာ ဒဏ်ရာရပြီး သတိလစ်သွားတယ်။ ဆေးရုံက အရေးပေါ်ဌာနကို ရောက်တော့ ခေါင်းကို ခွဲစိတ်ရမယ့် အနေအထားမှာ ရှိနေတယ်။ ခွဲခန်းထဲ သွင်းပြီး ခွဲဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်မှာ ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီး ခွဲခန်းထဲ ဝင်လာတယ်။ သူက လူနာကို ကြည့်ပြီး အခုလို ပြောလိုက်တယ်။ "ဒါ ... ငါ့သား ... ငါ ခွဲလို့ မဖြစ်ဘူး" တဲ့။ အဲဒီ ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်ကြီးက ဘယ်သူလဲ။"

"သူ့အဖေပေါ့"

သင်တန်းတက်သူတွေထဲက အသံထွက်လာပါတယ်။

သင်တန်းပို့ချသူက အဖေက ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြန်သတိပေးပါတယ်။ သင်တန်းတစ်ခုလုံး အတန်ကြာအောင် တိတ်ဆိတ်နေကြပါတယ်။ အဖြေကို ရှာလို့ မရကြပါဘူး။ ဘယ်သူလဲ ... ဘယ်သူ ဖြစ်မလဲ ... မသိတော့ဘူးဟာ ... စသဖြင့် ပွစိပွစိ အသံတိုးတိုးလေးတွေကိုတော့ ကြားရပါတယ်။ 

စာဖတ်သူရော ... အဲဒါ ဘယ်သူလို့ ထင်ပါသလဲ။

ဟုတ်ပါတယ်။ အမေပါ။ ဦးနှောက်ခွဲစိတ်တဲ့ အထူးကုဆရာဝန်တစ်ဦးဟာ အမျိုးသမီးတစ်ဦး၊ အထူးသဖြင့် မိခင် တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာကို မြင်နိုင်ဖို့ ဘာကြောင့် အလွန်ခက်ခဲကြပါသလဲ။ ကျွန်မတို့ အနီးအနားမှာ မြင်နေတွေ့နေကျ မဟုတ်လို့၊ ပြီးတော့ မသိစိတ်တွေထဲက ဘက်လိုက် ဆုံးဖြတ်ထားပြီးသား အချက်တွေကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။ 

ကျွန်မတို့ လူမှန်း သိတတ်စ အရွယ်ကတည်းက ဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင်အခြေအနေတွေက သင်ပေးခဲ့တာတွေကြောင့် အမျိုးသမီးတွေကို အထင်သေးလေ့ရှိပြီး၊ အမျိုးသားတွေကို အထင်ကြီးလေ့ ရှိကြပါတယ်။ ဒါက အမျိုးသမီးတွေ ကိုယ်တိုင်ကိုက ဖြစ်တတ်တာပါ။ အချို့သောအရည်အချင်းတွေက အမျိုးသမီးတွေမှာ မရှိဘူး ဒါမှမဟုတ် အားနည်းတယ်လို့ စွဲလမ်းယုံကြည်မှုတွေလဲ ရှိကြပါတယ်။ ဥပမာ - အမျိုးသမီးတွေက သချာၤညံ့တယ်လို့ ယုံကြတာမျိုးကို တော်တဲ့ အမျိုးသမီး သချာၤဆရာမ သင်ပေးတဲ့ အတန်းမျိုး တက်ခွင့်ရမှ အမြင်ပြောင်းသွားတယ် ဆိုတာမျိုး ကြားဖူးပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေမှာပဲ ဒီဆရာမကသာ ထူးပြီး တော်တာ၊ အမျိုးသမီး အများစုက သချာၤမတော်ဘူးလို့ ဆက်ထင်နေတာမျိုးတွေလဲ ရှိနိုင်ပါသေးတယ်။ ဘယ်အလုပ်တွေက အမျိုးသမီးတွေနဲ့ မသင့်တော်ဘူး၊ ဘယ်အလုပ်တွေကတော့ အမျိုးသမီးတွေ လုပ်လို့ မအောင်မြင်နိုင်ဘူး ဆိုတဲ့ ထင်မြင်ယူဆမှု၊ သတ်မှတ်မှုတွေက အဲဒီ စွဲလမ်းယုံကြည်မှုတွေကနေ ဖြစ်ပေါ်လာကြတာပါ။

ပိုမိုခက်ခဲစေတာက ယောက်ျားတွေမှာ မွေးရာပါ"ဘုန်း"ဆိုတဲ့ အရာ ရှိတယ်ဆိုတဲ့ ယုံကြည်မှုပါ။ အဲဒီယုံကြည်မှုက အမျိုးသမီးတွေကို ပိုမိုနိမ့်ကျသူတွေလို့ အလိုလို ယူဆစေပြီးသား ဖြစ်သွားပါတယ်။ အဲဒီလို အကြောင်းပေါင်းများစွာကြောင့် လူ့အဖွဲ့အစည်းတွေက အမျိုးသမီးတွေ အပေါ်မှာ မျှော်လင့်ချက် တစ်မျိုးထားကြပြီး၊ အမျိုးသားတွေ အပေါ်မှာ မျှော်လင့်ချက် တစ်မျိုးထားကြပါတယ်။ မတူညီတဲ့ မျှော်လင့်ချက်တွေက ဆင့်ပွား ဖြစ်ပေါ်လာတဲ့ အရာတွေကနေ အမျိုးသမီးတွေ အတွက်သာမက၊ အမျိုးသားတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက်ပါ အပျက်သဘော သက်ရောက်မှု အများအပြား ကြုံတွေ့လာရတဲ့အတွက် ကျား-မရေးရာ တန်းတူညီမျှရေး(Gender Equality) ဆိုတာကို စဉ်းစားလာ၊ ပြောလာ၊ ထည့်သွင်းဆောင်ရွက်လာကြတာ ဖြစ်ပါတယ်။ 

ကျား-မရေးရာ တန်းတူညီမျှရေး ဆိုလိုက်တာနဲ့ လတ်တလော သတင်းတွေထဲမှာ ပါနေတဲ့ နယူးယောက်က အမျိုးသမီးတွေ အပေါ်ပိုင်း ဗလာနဲ့ ချီတက် ဆန္ဒပြတာကိုပဲ ပြေးမြင်ကြမှာကို စိုးရိမ်ပါတယ်။ အဲဒီထက် ပိုမို အခြေခံကျတဲ့၊ နက်ရှိုင်းတဲ့ အရာတွေ အများကြီး ရှိကြောင်းကို ယနေ့ခေတ်မှာ ပြောနေ၊ ရေးနေသူတွေ ရှိပြီးသားမို့ အထူး အကျယ်မချဲ့တော့ပါဘူး။ ဒီဆောင်းပါးကို ကျား-မရေးရာကို နားလည်ဖို့ ခက်ခဲနေဆဲသူတွေ အတွက် မိတ်ဆက်သဘောလေးပဲ ရေးတာမို့ နန်စီအာစမစ် (Nancy R. Smith) ရဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက် (For Every Woman) ဆိုတဲ့ ကဗျာကလေးနဲ့ဲ နိဂုံးချုပ် ရပ်တန့်ချင်ပါတယ်။ ကဗျာမူကွဲ အနည်းငယ် ရှိတဲ့ အထဲမှာ Gender and Disaster Network ရဲ့ အင်တာနက်စာမျက်နှာက မူကွဲက မူရင်းဖြစ်တယ်လို့ ဆိုတာကြောင့် အဲဒီမူကွဲကိုပဲ ဆီလျော်အောင် ပြန်ဆိုပေးလိုက်ပါတယ်။  


အမျိုးသမီးတစ်ယောက်တိုင်းအတွက်

သန်စွမ်းပေမယ့်၊ အားနည်းယောင်ဆောင်ရတာကို စိတ်ပျက်နေတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက်

ထိခိုက်ခံစားလွယ်တဲ့ ကာလတွေမှာ သန်မာယောင်ဆောင်ရတာကို စိတ်ကုန်နေတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။


ထုံအယောင်ဆောင်ရတာကို စိတ်ပျက်နေတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက်

အရာရာသိမယ့်သူလို့ အစဉ်တစိုက် မျှော်လင့်ခံရတဲ့ ဖိစီးမှုတွေနဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။


"စိတ်လှုပ်ရှားလွယ်တဲ့ မိန်းမ"လို့ ခေါ်ဝေါ်သတ်မှတ်မှုတွေကို စိတ်ပျက်နေတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက်

ငိုကြွေးခွင့်၊ ညင်သာခွင့်တွေကို ငြင်းပယ်ခြင်း ခံနေရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။


ယှဉ်ပြိုင်မှု ပြုတိုင်းမှာ မိန်းမ မပီသဘူးလို့ အပြောခံရတဲ့ အမျိုးသမီး တစ်ယောက်တိုင်းအတွက်

ယှဉ်ပြိုင်မှုကသာ ယောက်ျားပီသကြောင်း ပြဖို့ တစ်ခုတည်းသော နည်းလမ်းလို့ ကြုံတွေ့နေရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။


လိင်မှုဆိုင်ရာ အဖြည့်ခံပစ္စည်းလို အသုံးချခံရတာကို စိတ်ပျက်နေတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက်

လိင်မှုဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက် ပူပန်သောကရောက်နေရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။ 


သားသမီးတွေနဲ့ ချည်နှောင်မှုကို ခံစားနေရတဲ့ အမျိုးသမီး တစ်ယောက်တိုင်းအတွက်

မျှဝေအုပ်ထိန်းခြင်းရဲ့ နှစ်သက်မှုကို အပြည့်အ၀ မရရှိတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။


အဓိပ္ပာယ်ရှိတဲ့ အလုပ်ရခွင့်၊ တန်းတူညီမျှ လုပ်ခ ခံစားခွင့်တွေကို ငြင်းပယ်ခံနေရတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက်

အခြားလူသားတစ်ဦးရဲ့ ကုန်ကျစရိတ်တွေကို အလုံးစုံ တာဝန်ယူထားရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။ 


ယာဉ်တစ်စီးရဲ့ ရှုပ်ထွေးမှုအကြောင်းကို သင်ကြားခွင့် မရတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက်

ချက်ပြုတ်ခြင်းရဲ့ ကျေနပ်စရာတွေကို သင်ကြားခွင့် မရတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။


မိမိ လွတ်မြောက်ရေးအတွက် ခြေတစ်လှမ်း တိုးထွက်လာတဲ့ အမျိုးသမီးတစ်ယောက်တိုင်းအတွက်

မိမိ လွတ်မြောက်မှု လမ်းကြောင်း အနည်းငယ် လွယ်ကူချောမွေ့လာတဲ့ အမျိုးသားတစ်ယောက် ရှိပါတယ်။ 

~ နန်စီအာစမစ်

(References: ဆရာမစန္ဒာသန့်၏ ပို့ချချက်၊ http://gdnonline.org/nancy-smith-poem.php) 

ဩဂုတ်လ၂၈၊ ၂၀၁၅ထုတ် Daily Eleven မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

ကဗျာရဲ့ အသံဖိုင်ကိုပါ တင်ပေးလိုက်ပါတယ်။ အသံဖိုင်မှာ အားနည်းချက်ရှိမှန်း သိပေမယ့် ထပ်မသွင်းနိုင်တော့တာနဲ့ ဒီအတိုင်းပဲ တင်ထားလိုက်တာပါ။

Sunday, September 13, 2020

Just Another Memory!

ဒီပို့စ်ကလေးကလည်း စမ်းသပ်ဆောင်ရွက်ကြည့် ဖြစ်တာလေး တစ်ခုကို မမေ့သေးခင် မှတ်တမ်းလေးကျန်အောင် ပြန်ရေးတင်ထားတဲ့ သဘောပါ။
၂၀၂၀၊ ဩဂုတ်လ ၂၃ရက်နေ့က Zoom အက်ပလီကေးရှင်းကို အသုံးပြုပြီး အွန်လိုင်းပေါ်မှာ ကျင်းပခဲ့တဲ့ ပဲန်အင်တာနေရှယ်နယ်လ်၊ အမျိုးသမီးစာရေးဆရာကော်မတီရဲ့ စာပေရွတ်ဆိုပွဲ (Literary Reading)အစီအစဉ်မှာ ကဗျာလေးတစ်ပုဒ်ကို ဝင်ရွတ်ဖြစ်ခဲ့တာပါ။
Facebook သုံးသူ ဆိုရင်တော့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသကို Live လွှင့်ခဲ့တာလေးကို ဒီမှာ ကြည့်နိုင်ပါတယ်။
ကျွန်မ ရွတ်ဆိုခဲ့တာကိုတော့ ဗွီဒီယိုရဲ့ ၂၆မိနစ် နေရာမှာ တွေ့နိုင်ပါတယ်။


Free


It took 43 years to love myself again
Looking in the mirror
And able to see the true me
Not the one distorted and deformed in my eyes
No, not that one!

What happened had happened
There is nothing of which to complain
And nothing to explain
Also, nothing for which to blame

Yes, I can forgive today
Yes, I can move on now
And all the gratitude will stay

No matter what
I start to trust myself
I start to trust my choice
I am determined to live my life

47 tomorrow
And don’t feel late to begin again
Never be too late to be happy
Never be too late to feel alive

I can’t change my past &
I am changing my future

Though it was not easy
I know I am the one
Who is responsible to
Set myself free!

Tune
25 August 2019
2:51PM



Free the Words

ဒီပို့စ်ကို တင်ပြီး နောက်ရက်မှ Youtube ဗွီဒီယို Linkကို ရတဲ့အတွက် ထပ်မံဖြည့်စွက်လိုက်ပါတယ်။
ကျွန်မရဲ့ ရွတ်ဆိုမှုကို ၁နာရီ ၄မိနစ်ဝန်းကျင်မှာ တွေ့နိုင်ပါတယ်။


Wednesday, November 13, 2019

အတွေးများ

tUnE's iSlAnd Blog ထဲက  ပြန်တွေ့တဲ့ ၂၀၀၉ခုနှစ်က ကိုယ့်ရဲ့ အတွေးအပိုင်းအစတွေပါ။
အခုအချိန်မှာ ရှိနေတဲ့ အတွေးတွေက အဲဒီထက် ပိုပြီး အပြုဘက်ဆောင်လာတာကို သတိပြုမိပါတယ်။
အဲဒီအချိန်တွေက နာကျင်မှုတွေ ပိုများနေခဲ့တယ်။
ပြည်ပနိုင်ငံတစ်ခုမှာ ကျောင်းတက်နေရပေမယ့် ကိုယ်ပျော်လှတယ် မဟုတ်ဘူး။
အခုအချိန်မှာ အဲဒီထက် အများကြီး ပိုစိတ်ချမ်းသာအောင် နေတတ်လာပြီး၊ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး လက်ခံနိုင်လာတယ်လို့ မြင်မိတယ်။

အချို့အရာတွေကိုတော့ အဲဒီအတိုင်း ဆက်တွေးနေမိတုန်းပဲ။
အထူးသဖြင့်  သေခြင်းတရားနဲ့ ပတ်သက်လို့ပါ။


ရက်စက်ခြင်းတွေနဲ့ နေသားတကျ ရှိခဲ့တာမို့
ရက်စက်မှုတွေကို ထပ်ကြုံရလည်း
ကိုယ် အများကြီးတော့ အံ့သြနေလိမ့်မှာ မဟုတ်ပါဘူး

အဆင်ပြေမှုလေးတွေကို တန်ဖိုးထားပြီး
ရထားသမျှတွေကို ကျေးဇူးတင် ကျေနပ်နေလေရဲ့

Milgram နဲ့ Standford prison experiment တွေရဲ့ တွေ့ရှိချက်တွေ အရ
လူတွေရဲ့ အတွင်းစိတ်ကိုက ရက်စက်တတ်သတဲ့

အခြေအနေ ပေးလာတဲ့အခါ
ကိုယ်ရော ရက်စက်တတ်သူ ဖြစ်သွားလေမလား

အဆိုတော် John Lennon က ပြောခဲ့တယ်
ဘဝဆိုတာ တခြား အရာတွေအတွက် ပြင်ဆင်ပြီး အလုပ်ရှုပ်နေတဲ့ အချိန်မှာ ဖြစ်နေတာတဲ့

ဘဝဆိုတာ ကိုယ် အခု ရနေတာပဲပေါ့
အနာဂတ် ဆိုတာ ဘာလဲ
မရေရာတဲ့ မျှော်လင့်ခြင်း သက်သက်ပဲလို့ ယူဆထားတယ်

အတိတ်ဆိုတာ
ပြန်ပြင်လို့ မရတော့တဲ့ ပြီးခဲ့တဲ့ ကိစ္စတွေ

ဒါတောင်
တစ်ခါတစ်ခါ အားငယ်
တစ်ခါတစ်ခါ ဝမ်းနည်း
တစ်ခါတစ်ခါ စိတ်မလုံခြုံခြင်းတွေ
တစ်ခါတစ်ခါ ဒေါသ
တစ်ခါတစ်ခါ နောင်တ

တစ်ခါတစ်ခါတော့ သာယာမှုတွေကြားမှာ ယစ်မူးရင်း
တစ်ခါတစ်ခါ ပျော်ရွှင်ခြင်းကို ခံစား
နေသား မကျနိုင်သေးဘူး

အခု ကိုယ်က
မနေ့က ကိုယ် မဟုတ်တော့ဘူး
ပြီးခဲ့တဲ့ စက္ကန့်က ကိုယ်လည်း မဟုတ်တော့ဘူး
အရာရာဟာ ပြောင်းလဲနေဆဲပဲ

တက်မက်မှုနဲ့ ချစ်ရမှာကို ရှက်တယ်လို့ ခံစားလာရ
ဖြူစင်တဲ့ သံယောဇဉ် ဆိုတာကိုတောင်
မလိုသမျှ လွှတ်ချထားချင်တယ်

မသေချာခြင်းတွေ ကြားထဲမှာ
ကိုယ့်ကိုယ်ကို ရှာဖွေနေရင်း
ဘာမျှော်လင့်ခြင်းမှလည်း
ထားမနေချင်တော့ဘူး

ကိုယ် ရှိမှ ဖြစ်မယ်ဆိုတဲ့ စကားနဲ့
ချည်နှောင်ထားမှာ မလိုလားဘူး
ကိုယ် မရှိလည်း ဖြစ်နေတဲ့ အရာတွေ
ကိုယ် ရှိထားတဲ့ အချိန်မှာ
ကွက်လပ်ကလေး တစ်ခု
ဖြည့်လို့ ရရင်တော့ ဖြည့်ပေးတာပေါ့
ဒါက သိပ်ကြီးကျယ်တဲ့ အရာမှ မဟုတ်တာ

သူများ နေရာကို ဝင်ဦးမိသူ မဖြစ်ဖို့ ဆိုတာတောင်
သေချာအောင် မပြောနိုင်တဲ့ ကိစ္စ

နောက်တော့လည်း သွားရမှာပါ
လမ်းဆုံးကို သိနေတာပဲ
အချိန် ဘယ်လောက် ကျန်သေးသလဲ

နောက်ဆုံးနေ့တွေလို နေ့တိုင်းကို နေပါ
တစ်ချိန်မှာ အမှန်တကယ် ဖြစ်လာလိမ့်မယ်ဆိုတဲ့ စကားရှိလေရဲ့

ကဲ .. ဒီနေ့က ကိုယ့်ရဲ့ နောက်ဆုံးနေ့ ဆိုပါတော့
ကိုယ် ဘာတွေ လုပ်ခဲ့မလဲ
ကိုယ် ဘာတွေ ပြောခဲ့မလဲ

တိတ်ဆိတ်စွာပဲ ထွက်သွားချင်ပါတယ်
ဘယ်သူမှ မငိုရစေချင်ဘူး
ဘယ်သူမှလည်း တမ်းတ မနေစေချင်ဘူး
ဘယ်သူ့ကိုမှလည်း ဆုံးရှုံးတယ်လို့ မခံစားရစေချင်ဘူး

ကိုယ် မရှိခင်ကတည်းက လည်ပတ်နေခဲ့တဲ့ ကမ္ဘာက
ကိုယ် မရှိလည်း လည်မြဲ လည်ပတ်နေမှာပဲ မဟုတ်လား

ကျွန်း
April 12, 2009

Sunday, September 4, 2016

ပြိုင်ပွဲ



ဒီဇင်ဘာ ၂၀၀၄ ထုတ် လုံမလေးမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။


Thursday, September 1, 2016

ပုံကြမ်း




ဇွန် ၂၀၀၄ ထုတ် လုံမလေးမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။